မြို့နယ်အချို့၌ အကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် ၂၀            

မြို့နယ်အချို့၌ အကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်း ထားရှိသူများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၁၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ စက္ကဝတ်(၁)လမ်း၊ အမှတ်(၃၆၂)နေ ပြည့်စုံထွန်း (၂၁)နှစ်(ဘ) ဦးထွန်းထွန်းနိုင်၏ နေအိမ်အား သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ 91 လက်ပစ်ဗုံး ၂ လုံး အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ ည ၁၂ နာရီ ၅ မိနစ်ခန့်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ငါးထပ်ကြီး ဘုရားလမ်းအမှတ် (၁၈၂)နေအိမ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်အတွင်းမှ သက်ပိုင်ထူး(ခ) အလီ (၂၇)နှစ်(ဘ) ဦးဘိုးချိုအား လက်လုပ်ဗုံး ၆ လုံး၊ အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထွက်ဆိုချက်အရ ငါးထပ်ကြီးတောင်ရပ်ကွက်၊ ဆာဖိုးသာခြံအတွင်း လက်လုပ်ဗုံးများ ပြုလုပ်နေကြောင်း သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ သွားရောက်စဉ် ဥယျာဉ်လမ်းအရောက်၌ အကြမ်းဖက်သူ ၁၀ ဦးခန့်က လက်လုပ်ဗုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သည်။ ထိုသို့ ပစ်ပေါက် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူများ မှာ အနီးရှိ လမ်းကြားအတွင်းသို့ ထွက်ပြေးသွားခဲ့ပြီး သွားရောက် စစ်ဆေးခဲ့ရာ ငါးထပ်ကြီး တောင်ရပ်ကွက်၊ ဥယျာဉ်လမ်း၊ အမှတ်(၂၉)နေ ဖိုးသင်္ကြန် (၁၆)နှစ်(ဘ) ဦးမြင့်ဌေးအား ဒဏ်ရာ ဖြင့်ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ လက်လုပ်ဗုံး ၂ လုံး နှင့် မီးခိုးဗုံး ၁ လုံးတို့အား တွေ့ရှိရသဖြင့် ဖိုးသင်္ကြန်အား တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ ည ၁၂ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သစ်ချိုကုန်း ကျေးရွာနေ ဒေါ်သန်းသန်းထူး (စိစစ်ဆဲ)ပိုင်ဆိုင်ပြီး အောင်မျိုးကျော်(ခ)ဖားကြီးနှင့် ကိုမျိုး(စိစစ်ဆဲ) တို့ ၂ ဦး ငှားရမ်းနေထိုင်သော နေအိမ်အား သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေ ခဲ့ရာ ၎င်းတို့ ၂ ဦးအား မတွေ့ရှိရဘဲ အဆိုပါနေအိမ် အိပ်ခန်းအတွင်းမှ လက်လုပ်မိုင်း ၂ လုံး၊ အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၀ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အရှေ့ရပ်ကွက်နေ ရီရီမြ (၅၃)နှစ်၊ (ဘ) ဦးပြူး၏ နေအိမ်အား သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ် အတွင်းမှ ရီရီမြနှင့်အတူ အောင်မင်းဦး(ခ) ကုလား (၂၃)နှစ် (ဘ) ဦးကျော်တိုး၊ ဖြိုးဝင်း(ခ)မှော်ကြီး (၃၁)နှစ် (ဘ) ဦးဖိုးသာအောင်တို့ ၃ ဦးအား လက်လုပ်သေနတ် ၆ လက်နှင့်လည်းကောင်း၊ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်တွင် အဆိုပါရပ်ကွက်နေ ဦးကြည်မောင် (၆၉)နှစ် (ဘ) ဦးထည်၏ နေအိမ်မှ ဦးကြည်မောင်နှင့်အတူ ၎င်း၏ဇနီး ဒေါ်ရီရီဝင်း (၆၈)နှစ် (ဘ) ဦးမြဲတို့နှစ်ဦးအား လက်လုပ်တူမီးသေနတ် ၃ လက်၊ လက်လုပ်သေနတ် ၅ လက်၊ အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် အခြားဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များအား သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။