မြို့နယ်အချို့၌ အကြမ်းဖက်သူများက လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်လုပ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ချောင်းမြောင်းပစ်ခတ်

နေပြည်တော်၊ ဇူလိုင် ၂

    တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များအား လက်လုပ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    အလားတူ ယနေ့နံနက် ၈ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ စကားအင်း-ပုလိပ်ကားလမ်းရှိ စကားအင်းအဝိုင်း၌ လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စကားအင်းဘက်မှ ပုလိပ်မြို့ဘက်သို့ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင် ရပ်ကွက်နေ ဇင်မောင်မောင်ကျော် (၂၀)နှစ် (ဘ) ဦးကျော်မောင် မောင်းနှင်သော ဆိုင်ကယ်တစ်စီးနှင့် အမျိုးသား ၂ ဦး(စိစစ်ဆဲ) မောင်းနှင်လာသော ဆိုင်ကယ် ၁ စီးတို့အား စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ အမျိုးသား ၂ ဦး မောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များအား လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ခဲ့၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး၏ ယာဒူးတွင် ဗုံးစ ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ဇင်မောင်မောင်ကျော် မောင်းနှင်သော ဆိုင်ကယ်အား တားဆီး ဖမ်းဆီးရရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ ၎င်းမောင်းနှင်လာသော ဆိုင်ကယ်တူးဘောက်အတွင်းမှ တရုတ်နိုင်ငံ လက်ပစ်ဗုံး ၂ လုံး၊ လက်လုပ်ဗုံး ၁ လုံး၊ အရှည် ၁ ပေခန့်ရှိ ဓားမြှောင် ၁ ချောင်းတို့နှင့်အတူ ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။

    အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။