မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်

နေပြည်တော်၊ ဇွန် ၁၇
    
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်၊ လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
    
ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ပင်တင်း(မြောက်) ကျေးရွာနေ ဦးအေးခိုင်(၅၈)နှစ် (ဘ) ဦးသန်း၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်သန်းနု (၅၂)နှစ် (ဘ) ဦးတင်မောင်၊ သမီးဖြစ်သူ မပြုံးပြုံးအေး (၁၅)နှစ်နှင့် သားဖြစ်သူ အောင်မျိုးဝင်း (၉)နှစ်တို့ မိသားစုသည် ကိုယ်ပိုင် စက်လှေဖြင့်လည်းကောင်း၊ ပင်တင်း(တောင်)ကျေးရွာနေ ဆရာတော် ဉူးသုမင်္ဂလ သက်တော် (၆၃)နှစ် သည် “လှမြတ်မင်း”အမြန်ရေယာဉ်ဖြင့်လည်းကောင်း ၎င်းတို့၏ ကျေးရွာများရှိ NLD ထောက်ခံအားပေးသည့် အကြမ်းဖက်သမားများက ၎င်းတို့အား “လုံခြုံရေးတပ်ဖွဲ့ဝင်များထံ သတင်းပေးသူများ” ဟုစွပ်စွဲပြောဆိုခြိမ်းခြောက်နေသဖြင့် ကျေးရွာများတွင် မနေထိုင်ရဲတော့ဘဲ မုံရွာမြို့သို့ တိမ်းရှောင်ရန် ချင်းတွင်းမြစ်အတိုင်း ထွက်ခွာလာခဲ့ရာ နံနက် ၉ နာရီအချိန်တွင် ကနီမြို့နယ်၊ ကင်းကျေးရွာအနီးအရောက် အကြမ်းဖက် သောင်းကျန်းသူ များက ဆရာတော်နှင့် ဦးအေးခိုင်တို့မိသားစုအား ဖမ်းဆီးမေးမြန်း၍ နေ့လယ် ၁ နာရီအချိန်တွင် ပြန်လည်လွှတ်ပေးခဲ့သဖြင့် ဦးအေးခိုင်၏ စက်လှေဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ ကနီမြို့နယ်၊ ကျောက်လှေကား ကျေးရွာအနီးအရောက်တွင် အခြားအကြမ်းဖက်သောင်းကျန်းသူများက ထပ်မံဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရှိရသည်။
     
အဆိုပါဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် သံဃာတော် တစ်ပါးနှင့် ဦးအေးခိုင် နှင့် မိသားစုဝင် ၄ ဦးတို့အား ပြန်လည်ကယ်တင်နိုင်ရေးနှင့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။