မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများက အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

နေပြည်တော်၊ ဇွန် ၂၂

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားများလွှမ်းမိုးလာစေရန်နှင့် ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သူများက သေနတ်များ၊ တုတ်/ဓားများ၊ လက်လုပ်ဗုံး၊ လက်ပစ်ဗုံးများအသုံးပြုကာ အကြောင်းမဲ့ ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဇွန် ၂၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၁၁၈(ဘီ)လမ်း၊ ၄၈ လမ်းနှင့် ၄၉ လမ်းကြားရှိ တန်ဘိုးနည်းအိမ်ရာ၊ အမှတ်(မမ-၂၆)တိုက်ခန်းများအား မြို့နယ်လျှပ်စစ်ဖြန့်ဖြူးရေးရုံးမှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ဦးဇော်ဇော်အောင်ပါ ၅ ဦးသည် လျှပ်စစ်မီတာဘေလ်များ လိုက်လံဖြန့်ဝေနေစဉ် တိုက်အမှတ်(၁၄)၊ အခန်း(၃)နေ ဝဏ္ဏကောင်းထက်(ခ)ပီတိ(၃၁)နှစ် (ဘ)ဦးကျော်ဝင်းမှ ဓားရှည်ဖြင့် လိုက်လံခုတ်၍ ရန်ပြုနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဝဏ္ဏကောင်းထက် (ခ)ပီတိမှ လုံခြုံရေးအဖွဲ့အား ဓားရှည်ဖြင့် ခုတ်ရန် ပြုမူသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ ဝဲလက်ညှိုး ထိမှန်ဒဏ်ရာ ၁ ချက်ဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏တိုက်ခန်းအတွင်းဆက်လက်ရှာဖွေခဲ့ရာ လေသေနတ် ၁ လက်၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်တပ်လျက်အချိုရည်ဘူးခွံ ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇီးတောကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်အောင်(၅၁)နှစ် (ဘ)ဦးဖိုးကျင်သည် ရေစကြို မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဇီးတောကျေးရွာသို့ ရေစကြို-ချောင်းဦးသွား ကားလမ်း အတိုင်း ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဆည်လည်ကျေးရွာ၏တောင်ဘက် မိုင်တိုင်အမှတ် ၃ ဖာလုံနှင့် ၄ ဖာလုံကြားအရောက် လက်လုပ်သေနတ် ၂ လက်၊ ဓားရှည် ၁ လက်တို့အား အသင့်ကိုင်ဆောင် ထားသည့် အကြမ်းဖက်သူ အမျိုးသား ၆ ဦး က ဆိုင်ကယ် ၂ စီးဖြင့် လိုက်လံတိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်မှုကို ဦးဝင်းမြင့်အောင်က အုတ်ခဲကျိုးများဖြင့် ပြန်လည် ခုခံပစ်ပေါက်ခဲ့ရာ အကြမ်းဖက်သူများမှာ ထွက်ပြေးသွားပြီး လက်လုပ်သေနတ် ၁ လက် သိမ်းဆည်းရမိ ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သူများ၏ ရန်ပြုမှုကြောင့် ဦးဝင်းမြင့်အောင်တွင် ဝဲလက်မောင်း၊ ဝဲတံတောင်ဆစ်၊ ယာပါး၊ ယာခြေဖမိုးတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ရေစကြိုမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထား ရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်ဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်နေကြသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သက် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ရက်စက် ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။