မြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်သော ပြည်သူများနှင့် နေအိမ်များအား လက်နက်ကိုင်အကြမ်းဖက်သူများက လုပ်ကြံသတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်

နေပြည်တော်၊ ဇွန် ၂၀

NLD ပါတီထောက်ခံသူများနှင့် အကြမ်းဖက်သူများအနေဖြင့် အေးချမ်းစွာနေထိုင်သော ပြည်သူများ အပေါ် အကြောက်တရားများ လွှမ်းစေရန်ရည်ရွယ်ကာ လူမဆန်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းများ၊ မိုင်းထောင်၊ မိုင်းခွဲခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၉ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်၊ နွားတောင်ကျောင်းလမ်းနေ ဦးဝင်းဇော်ဦး(၅၀)နှစ် (ဘ) ဦးတင်အေး၏ နေအိမ်သို့ ဆူပူအကြမ်းဖက် သောင်းကျန်းသူများက သေနတ်များဖြင့် လာရောက်ပစ်ခတ် သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးဝင်းဇော်ဦးသည် ၎င်း၏နေအိမ်ရှေ့ လမ်းဘေး ၌ ဝဲဘက်ရင်အုံ ကျည်ထိမှန်ဒဏ်ရာ ၁ ချက်ဖြင့်လည်းကောင်း၊ အဆိုပါ နေအိမ်အတွင်း၌ ၎င်း၏ ဇနီး ဒေါ်စန်းစန်းမော်(၄၈)နှစ်၊ သားဖြစ်သူ ကိုသီဟအောင်(၂၃)နှစ်၊ ယောက်ဖ ဖြစ်သူ ကိုဇော်ဇော် (၃၅)နှစ်တို့တွင် မျက်နှာ၊ နောက်ကျော၊ ရင်အုံတို့တွင် ကျည်ထိမှန် ဒဏ်ရာများဖြင့် လည်းကောင်း သေဆုံးနေပြီး သမီးဖြစ်သူ မစန်းရွှေဦး(၂၅)နှစ်တွင် ဝမ်းဗိုက်ကျည်ထိမှန်၊ ယာမျက်ခုံး ဖူးယောင်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးဝါးကုသနိုင်ရေး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

ထိုသို့ အေးချမ်းစွာနေထိုင်သော ပြည်သူများအား အကြောင်းမဲ့ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော် ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။