မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် အရေးပေါ် ဆက်သွယ်ရေးလိုင်း ပြန်ဖွင့်ရန် ဆန္ဒရှိ

မြောက်ကိုရီးယားက တောင်ကိုရီးယားနှင့် အရေးပေါ် ဆက်သွယ်ရေးလိုင်း ပြန်ဖွင့်ရန် ဆန္ဒရှိ

မြောက်ကိုရီးယား နိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား ဖျက်သိမ်းထားသည့် တောင်ကိုရီးယားနိုင်ငံနှင့် အရေးပေါ် ဆက်သွယ်ရေးလိုင်းကို လာမည့်လတွင် ပြန်ဖွင့်ရန် ဆန္ဒရှိကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က စက်တင်ဘာ ၃ဝ ရက်တွင် ပြောသည်။

ထို့ပြင်    အမေရိကန်နိုင်ငံသည် မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တောင်းဆိုမှုများ ရှိသော်လည်း   ၎င်းတို့၏ရန်လိုသော မူဝါဒကို မစွန့်လွှတ်နိုင်သေးကြောင်း ကင်ဂျုံအွန်က အပြစ်တင်ထားသည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက  ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသည်   ယခုသီတင်းပတ် အတွင်းမှာပင် စစ်လက်နက် ပစ္စည်းစမ်းသပ်မှုများကို လုပ်ဆောင်ထားကာ ထိုလက်နက်ပစ္စည်းများတွင်  ယခင်ကမြင်တွေ့ဖူးခြင်း မရှိသည့် အသံထက်အလွန်မြန် ဒုံးကျည်တစ်စင်းလည်း ပါဝင်သည်ကိုတွေ့ရသည်။

ထိုကဲ့သို့သော ဒုံးကျည်ကို စမ်းသပ်နိုင်သည့်အတွက် မြောက်ကိုရီးယားနိုင်ငံသည် အခြားသော အင်အားကြီးနိုင်ငံများက ဦးဆောင်နေသည့်  အဆင့်မြင့် စစ်လက်နက်ပစ္စည်း စနစ်များ အပြိုင်တပ်ဆင်မှုတွင်   ပါဝင်လာနိုင်ပြီးနောက်  ကင်ဂျုံအွန်က  ယခုကဲ့သို့ မှတ်ချက်ပြုစကားများကို ပြောခြင်းဖြစ်သည်။

အလားတူ တောင်ကိုရီးယားနှင့် အမေရိကန်တို့ အနေဖြင့် မြောက်ကိုရီးယား၏ လက်နက်စနစ် ဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်သက်၍ လိုတစ်မျိုး၊ မလိုတစ်မျိုး မူဝါဒထားရှိခြင်းကို ဖယ်ရှားရန်လည်း ကင်ဂျုံအွန်က တောင်းဆိုထားသည်။

တောင်ကိုရီးယားနိုင်ငံ အပါအဝင် အမေရိကန်၏ မဟာမိတ်နိုင်ငံအချို့က  မြောက်ကိုရီးယား အပေါ် တင်းကျပ်သော အရေးယူ ပိတ်ဆို့မှုများ ချမှတ်ကာ ထိုနိုင်ငံက လုပ်ဆောင်နေသော နျူကလီးယား အပါအဝင် လက်နက် စမ်းသပ်မှုများကို စွန့်လွှတ်ရန်  အကြိမ်ကြိမ် တောင်းဆိုထားသည်။   မြောက်ကိုရီးယား အနေဖြင့် ထိုကဲ့သို့ စွန့်လွှတ်ပါက အမေရိကန်က အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဟု ဆိုသည်။

သို့သော် မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရေးအတွက် အဆိုပါလက်နက်များကို လိုအပ်သောကြောင့် စွန့်လွှတ်မည် မဟုတ်ကြောင်း ကင်ဂျုံအွန်က ပြောထားသည်။

ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးသည် ၂ဝ၁၉ ခုနှစ်တွင် ပြန်လည်ကောင်းမွန် ခဲ့သော်လည်း    ၂ဝ၂ဝ ပြည့်နှစ်တွင် ပြန်လည်ဆိုးဝါး လာသည့်အတွက် မြောက်ကိုရီးယားဘက်က နှစ်နိုင်ငံကြားရှိ အရေးပေါ် ဆက်သွယ်ရေးလိုင်းကို ပိတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လ အနည်းငယ်တွင် အဆိုပါ အရေးပေါ် ဆက်သွယ်ရေးလိုင်းကို   ပြန်ဖွင့်ခဲ့သော်လည်း မြောက်ကိုရီးယားက ဟန့်တားနေသည့်ကြားမှ တောင်ကိုရီးယားက အမေရိကန်နှင့် ပူးတွဲစစ်ရေး လေ့ကျင့်သောကြောင့် ကင်ဂျုံအွန်အစိုးရက အရေးပေါ်ဆက်သွယ်ရေးလိုင်းကို ပြန်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။                     

 Ref: TST