မြောက်ကိုရီးယားက အမေရိကန်နှင့် ထိပ်တိုက်တွေ့ဆုံရန် အသင့်ရှိဟုဆို

မြောက်ကိုရီးယားအနေဖြင့် အမေရိကန် နှင့်ထိပ်တိုက်တွေ့ဆုံရန် အသင့်ရှိပြီး အစိုးရ အဖွဲ့အနေဖြင့် အမေရိကန်နှင့် ဆွေးနွေးပွဲ ကျင်းပရန်အပြင် ထိပ်တိုက်တွေ့ဆုံမှုအတွက် ပါပြင်ဆင်ထားရန်   မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ပြောသည်။

မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား အစီအစဉ်ကို စွန့်လွှတ်ပြီး ဆွေးနွေးပွဲများ ပြန်လည်ပြုလုပ်ရန် အမေရိကန်နှင့် အခြား နိုင်ငံများက တိုက်တွန်းပြီးနောက် ကင်ဂျုံအွန် က ဇွန် ၁၈ ရက်တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

အမေရိကန်နှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် မြောက်ကိုရီးယားက ပြင်ဆင်နေ သော်လည်း တစ်ဖက်တွင် နျူကလီးယား အင်အားပိုမိုတောင့်တင်းစေရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကာ အမေရိကန် အနေဖြင့် မြောက်ကိုရီးယားက ရန်လိုသည် ဟူသော အတွေးကိုစွန့်လွှတ်ရန် ပိုမိုဖိအား ပေးသွားမည်ဖြစ်ကြောင်း  ကင်ဂျုံအွန်က ပြောသည်။

ကင်ဂျုံအွန်သည် ၂ဝ၁၈ ခုနှစ်နှင့် ၂ဝ၁၉ ခုနှစ်တို့တွင် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့်  နျူကလီးယား အရေးထိပ်သီး ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲရလဒ်အရ  ကင်ဂျုံအွန်က ၎င်း၏  နျူကလီးယား အဆောက်အအုံ တစ်စိတ်တစ်ပိုင်းကို ဖြိုချပေးခြင်းအတွက် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများ  ဖြေလျှော့ပေးရန် တောင်းဆိုမှုကို ထရမ့်က ငြင်းပယ်ပြီးနောက် ၎င်းတို့၏ဆွေးနွေးညှိနှိုင်းမှုမှာ သဘောတူညီ ချက်မရဘဲ ပြီးဆုံးခဲ့သည်။

လက်ရှိတွင် ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့က စံချိန်ကိုက်ပြီး လက်တွေ့ကျသည့် နည်းလမ်း အသစ်ဖြင့် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကို ချဉ်းကပ်နိုင်ရန် ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။

Ref: AOL