မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေ ကျဆင်းမှုများ ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေ ကျဆင်းမှုများ ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၅

          မွန်ပြည်နယ်အတွင်း ယနေ့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျ ချောင်းရေများ ကျဆင်းလာမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် အချို့တွင် ရေကျော် ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူ အသုံးပြုသော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ယနေ့မွန်းလွဲပိုင်း တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးသည်။

          တောင်ကျချောင်းရေကျဆင်းမှုကြောင့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကော ကျေးရွာအဝင် ကားလမ်း၊ မုဒုံမြို့နယ်အတွင်း နှီးပဒေါချောင်း ရေလျှံမှုကြောင့် နှီးပဒေါကျေးရွာအနီးရှိ သံဖြူဇရပ်-မုဒုံ သွားကားလမ်းမကြီးနှင့် ရေးမြို့နယ်၊ ဟံဂံချောင်း ရေလျှံမှုကြောင့် ကိုးမိုင်ကျေးရွာအနီးရှိ မော်လမြိုင်-ထားဝယ် သွားကားလမ်းမတို့၌ ရေအနက် ၁ ပေခန့်မှ ခန့်မှန်း ၂ ပေခွဲခန့်အထိ ရေကျော်ဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်များ သွားလာနိုင်မှု မရှိသဖြင့် အများပြည်သူဘေးအန္တရာယ်ကင်းလွတ်စေ ရေးအတွက် လမ်းပိတ်ဆို့မှုဖြစ်ပွားသော နေရာများ၌ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။