မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ဆူပူအကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုမည့် လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်ထားရှိသူများနှင့်အတူ သိမ်းဆည်းရမိ

နေပြည်တော်၊ မတ် ၂၄
    
၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘီးလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်၊ နွယ်နီလမ်းနေ နိုင်ဝင်း(ခ)ကုလား (၂၈)နှစ် (ဘ) ဦးပြည်သိမ်းသည် လက်လုပ်သေနတ်များ ကိုင်ဆောင်နေကြောင်း သတင်းရရှိသဖြင့် ဖမ်းဆီးစစ်ဆေးဖော်ထုတ်ချက်အရ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ သီတာအောက်လမ်းနေ အောင်ကိုကိုမြင့်(တိမ်းရှောင်) (၂၆)နှစ် (ဘ) ဦးသိန်းဟန်၏ နေအိမ်အားဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်  အတွင်းမှ အရှည် ၄ ပေ ၅လက်မခန့်ရှိ ဘောစိဖြင့်ပစ်ခတ်ရသော လက်လုပ်သေနတ် ၁ လက်၊ အရှည် ၂ ပေ ၆ လက်မခန့်ရှိ သစ်သားဒင် ၁ ချောင်း၊ အလျား ၃.၅ လက်မခန့်ရှိ သံစပရိန် ၁ ခု၊ အရှည် ၈ လက်မခန့်ရှိ သေနတ်ပြောင်းပြုလုပ်ရာတွင် အသုံးပြုသော ကော်ပိုက် ၁ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
    
ဆက်လက်၍ အဆိုပါလမ်းနေ ထွန်းဇော်ဦး (၂၈)နှစ် (ဘ) ဦးတင်ဦး၏ နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ ထွန်းဇော်ဦးနှင့်အတူ အရှည် ၄ ပေ ၇ လက်မခန့်ရှိ ဘောစိဖြင့်ပစ်ခတ် ရသော လက်လုပ်သေနတ် ၁ လက်၊ အလုံးရေ ၆၄ လုံးပါ သံဘောစိဘူး ၂ ဘူးတို့အား သိမ်းဆည်း ရမိခဲ့ပါသည်။
    
လက်လုပ်သေနတ်များ လက်ဝယ်ထားရှိသူ နိုင်ဝင်း(ခ)ကုလားနှင့် ထွန်းဇော်ဦးတို့ ၂ ဦးအား ဖမ်းဆီးထားရှိပြီး ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ထွက်ပြေး တိမ်းရှောင်နေသော အောင်ကိုကိုမြင့်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။