ယခုဘောလုံးရာသီကုန်ဆုံးလျှင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အဂူရိုကိုထွက်ခွာခွင့်ပြုမည်ဟု မန်စီးတီး အသင်းအတည်ပြု

မန်ချက်စတာ၊ ဘောလုံး

မန်စီးတီးအသင်းက ယခုဘောလုံးရာသီကုန်ဆုံးလျှင် အဂူရိုကို စာချုပ်သက်တမ်းတိုးမြှင့်တော့မည် မဟုတ်ဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပြု မည်ဟု အတည်ပြုခဲ့ကြောင်း သိရသည်။

အသက် ၃၂ နှစ်အရွယ် အဂူရိုသည် ယခုဘောလုံး ရာသီကုန်ဆုံးလျှင် အသင်းနှင့်စာချုပ် သက်တမ်းကုန်ဆုံး မည်ဖြစ်ပြီး အစောပိုင်းတွင် မန်စီးတီးအသင်းက အဂူရို၏အနာဂတ်နှင့်ပတ်သက်၍ သက်တမ်းတိုး စာချုပ် ချုပ်ဆိုမှုကို  ရာသီကုန်ဆုံးချိန်မှသာ ဆုံးဖြတ် မည်ဟု  ထုတ်ပြန်ထားသော်လည်း  ယခုအခါ ရာသီမကုန်ဆုံးမီ ကတည်းက ဆုံးဖြတ်ချက်ချမှတ်ကာ အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဂူရိုသည် ၂၀၁၁ ခုနှစ်က အက်သလက်တီကိုအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအတွင်း မန်စီးတီးအသင်းတွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည်။ ၎င်းသည် လက်ရှိ အချိန်ထိ စုစုပေါင်း ပြိုင်ပွဲစုံ ၃၉၂ ပွဲပါဝင်ကစားခဲ့ကာ သွင်းဂိုး ၂၆၀ အထိသွင်းယူနိုင်ခဲ့ပြီး အသင်း သမိုင်း တစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။

နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်းသည် အဂူရိုအပြင် ဝါရင့်ကွင်းလယ် ကစားသမား ဖာနန်ဒင်ဟိုကိုလည်း စာချုပ်သစ်မချုပ်ဆိုတော့ဘဲ ထွက်ခွာခွင့်ပြုထားကြောင်း သိရသည်။

Ref;Dailymail