ယနေ့ကာလ များများစားသင့်သော ရဲယိုပင် အကြောင်း

ယနေ့ကာလ များများစားသင့်သော ရဲယိုပင် အကြောင်း

ရဲယိုပင်ကို အင်္ဂလိပ်လို Morinda ဟုခေါ်သည်။   ပုဏ္ဏရိပ်(rubiaceae) မျိုးရင်းဖြစ်ပြီး ရုက္ခဗေဒအရ Morinda angustifolia Roxb ဟုခေါ်သည်။ ဟာဝိုင်ရီကျွန်းသည် ကမ္ဘာတွင် ရဲယိုသီးကို ကုန်ကြမ်းအနေဖြင့် ထုတ်လုပ်ရာဒေသဖြစ်သည်။ ထင်ရှားသောရဲယို ဆေးဝါးမှာ ရဲယိုသီးအဆီနှင့် ရဲယိုမှုန့်တို့ကို စံချိန်ကိုက်သိပ္ပံနည်းကျ ထုတ်လုပ်ထားသည်။ ရဲယိုပင်သည် မြန်မာပြည်အနှံ့ပေါက်ရောက်ပြီး  မြစ်ချောင်းကမ်းရိုးတန်းတို့တွင်လည်း သဘာဝပေါက်ပင်အဖြစ်တွေ့ရသည်။ ရဲယိုရွက်ကို ငါးပုစွန်တို့ဖြင့် ငါးပေါင်းထုပ်၊ ပုစွန်ပေါင်းထုပ်လုပ်၍လည်းကောင်း၊ ငါး၊ ပုစွန်ဟင်းများတွင် အုပ်ချက်၍လည်းကောင်း၊ ပြုတ်၍ ငါးပိရည် တို့စရာအဖြစ်လည်းကောင်း စားသုံးနိုင်သည်။

ကမ္ဘာပေါ်ရှိ အပင်များထဲတွင် ရဲယိုပင်သည် XERONINE ခေါ် ဆေးဖက်ဝင် ဓာတုပစ္စည်း အမြင့်မားဆုံးဖြစ်သည်။ နာနတ်သီးတွင်ပါဝင်မှုထက် ရှစ်ဆပိုများသည်။ ရဲယိုတွင် ပါဝင်သော ၎င်းဓာတုပစ္စည်း ကို ၁၉၇၂ ခုနှစ်က ဟာဝိုင်ရီတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဟိုင်နက်ကီဆိုသူက စတင်တွေ့ရှိခဲ့ပါသည်။ ဟာဝိုင်ရီတက္ကသိုလ် ဆေးသိပ္ပံ ပညာရှင်များသည်  ပိုဆီဆက်ခရိုက်ဒြပ်ပေါင်းတစ်မျိုးကို ထပ်မံတွေ့ရှိခဲ့ကြပြီး ၎င်းဒြပ်ပေါင်းမှာ လူတို့၏သွေးဖြူဥများအား   ကင်ဆာရောဂါကိုသာမက အထွေထွေ ရောဂါဖျက် အစွမ်းသတ္တိများကိုပါ ပေးစွမ်းနိုင်သည်ဟု    ဖော်ထုတ်ကြေညာခဲ့ပါသည်။   ဂျပန်ဆေးပညာရှင်များကလည်း ရဲယိုသီး၊ ရဲယိုရွက်၊ ရဲယိုပင် အစိတ်အပိုင်းအားလုံးသည် လူ၏ခန္ဓာကိုယ် အထွေထွေကျန်းမာရေးအတွက် လွန်စွာအစွမ်းထက်သော သဘာဝဆေး ဖြစ်သည်ဟု အတည်ပြုဖော်ထုတ်ထားကြသည်။

အမေရိကန်နှင့် ဂျပန်နိုင်ငံ၏ ဆေးရုံများတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာကုသမှု ခံယူသူတိုင်း ရဲယိုကို အဓိကကျသော ဖြည့်စွက်စာအဖြစ် စားသုံးစေပါသည်။ ထိုအခါ ကင်ဆာပြန့်ပွားမှုနည်းပြီး နာကျင်မှု ဝေဒနာသက်သာစေကာ အာဟာရဓာတ် ပြည့်ဖြိုး လာ၍  ကိုယ်ခံအားကောင်းလာ စေသည့်အကျိုးကို လက်တွေ့ခံစားရသည် ဟုဆိုပါသည်။ အထူးသဖြင့် အရေပြား ကင်ဆာကုထုံးအတွက် အလွန်အစွမ်းထက်ကြောင်း လေ့လာ သိရသည်။ အဘယ်ကြောင့် ဆိုသော် ရဲယိုသီးတွင်ပါဝင်သော XERONINE ဓာတုသည် ခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူပြီး ခန္ဓာကိုယ်ထဲက တစ်သျှူးများကို ကင်ဆာဆဲလ်အဖြစ် မပြောင်းလဲနိုင်အောင် ထိထိရောက်ရောက် ကာကွယ်ပေးထားနိုင်၍ ဖြစ်ပါသည်။

ရဲယိုပင်နှင့်မြန်မာ့ဆေးကျမ်း

ရဲယိုရွက်သာမက    အသီးကိုလည်း ဆေးအဖြစ်စားသုံးနိုင်ပါသည်။ အရွက်၊ အသီး၊ အမြစ်အားလုံး ဆေးဖက်ဝင်သည်။  ရဲယိုပင်နှင့်ပတ်သက်၍ မြန်မာ့ဆေးကျမ်းများတွင် အောက်ပါအတိုင်း ဖွဲ့ဆိုထားသည်။

“ရှုတော်မူဆေးကျမ်း”တွင် ရဲယိုရွက် သည် ခါး၏။ စဉ်းငယ်ပူ၏။ လေကိုရွှင်စေတတ်၏။ သွေးကိုတက်ကြွစေတတ်၏။ ဝမ်းကိုလည်း ရွှင်စေတတ်၏။ ရဲယိုသီးသည် ပူစပ်အရသာ ရှိ၏။ စဉ်းငယ်ချဉ်၏။ သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ကိုနိုင်၏။ ပူပန် ဆာလောင်သော အနာ၊ အစာမကြေသော အနာ၊ လေလှိုက်တက်သောအနာ၊ လေပူနာ၊ သည်းခြေလှုပ်ရှား ထကြွသောအနာတို့ကိုနိုင်၏။ ချောင်းဆိုးသောအနာကို ပျားရည်နှင့် နယ်စားမူ လျင်မြန်စွာ ပျောက်စေတတ်၏ ဟုဆိုထားသည်။

“ဆေးအဘိဓာန်”တွင် ရဲယိုသီးသည် ကား သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ ကြောင့်ဖြစ်ကုန်သော ဆာပူလောင်ခြင်းကိုလည်းကောင်း၊ အစာမကြေခြင်းကို လည်းကောင်း၊  လေလှိုက်တက်ခြင်းကိုလည်းကောင်း၊  သည်းခြေလှုပ်ရှားခြင်းကို လည်းကောင်း ချမ်းသာစေတတ်၏ဟုဆိုထားသည်။

“မြန်မာ့ဆေးကျမ်း”တွင်  ရဲယိုသီးသည် ပူ၏။ စပ်၏။ ချို၏။ ဝဖြိုးစေ၏။  စဉ်းငယ်ချဉ်၏။ အဖျားကိုပယ်ထုတ်တတ်၏။  မီးယပ်ကိုမှန်စေ၏။ သွေးဝမ်း၊ ရိုးရိုးဝမ်း သက်တို့၌ များစွာ အကျိုးရှိ၏။ အသက်ကို ရှည်စေတတ်၏။ အမြစ်ကို ဝမ်းနုတ်ဆေး အဖြစ်အသုံးပြုနိုင်၏ဟု ဆိုထားသည်။

ရဲယိုရွက်နှင့်ကျန်းမာရေး

ရဲယိုရွက်နှင့် ရဲယိုသီးတို့ကို ဆေးဖက်ဝင် အဖြစ် ရာစုနှစ်ပေါင်းများစွာကတည်းက လူအများလက်ခံစားသုံးလာခဲ့ကြသည်။ ရဲယိုရွက်တွင် အများဆုံးပါဝင်သော အာဟာရ ဓာတ်မှာ ရေငွေ့ဓာတ်ဖြစ်ပြီး ကစီဓာတ်မှာ ဒုတိယအများဆုံးဖြစ်သည်။

ရဲယိုရွက်က အဆုတ်ကင်ဆာဆဲလ်များ ကို သေစေနိုင်ပြီး သာမန်အဆုတ်ကောင်း နေသူများစားသုံးရာမှာလည်း ဘေးဥပဒ် မရှိစေနိုင်ပေ။ ရဲယိုရွက်က ခန္ဓာကိုယ်ထဲရှိ ကျန်းမာစေ သည့်ဆဲလ်များကို ပိုထုတ်ရန်အားပေးပြီး ခန္ဓာကိုယ်အတွက် မကောင်းသော ဆဲလ်များကို တိုက်ဖျက်မှုလျော့နည်းအောင် လုပ်ဆောင် ပေးပါသည်။

အကြောလေလျှောက်အားနည်းသူ၊ လေဖြတ်လေငန်းဝေဒနာရှင်များ၊ ဆီးနှင့်ကျောက်ကပ် ရှိသူများ၊ အရိုးအဆစ်အားနည်းပြီး ကျီးပေါင်းရောဂါရှင်များက ရဲယိုရွက်ကို ငါးခူနှင့် ရောချက်စားပါက သက်သာပျောက်ကင်းစေပါသည်။

ရဲယိုရွက် လက်တစ်ဆုပ်စာခန့်ကို ငါးမြွေထိုးအသားနှင့်ပြုတ်၍ သုပ်စားပါက အူကျရောဂါကို ပျောက်စေသည်။ ရဲယိုရွက်ကိုပြုတ်၍စားပါက လေချုပ်ရောဂါ၊ ဝမ်းဗိုက်နာရောဂါ၊ အာခေါင်ပူ လောင်သောရောဂါ၊ သည်းခြေဖောက်ပြန်သော ရောဂါနှင့် သွေးတိုးရောဂါတို့ကို ပျောက်ကင်းစေသည်။

ရဲယိုရွက် လေးရွက်၊ ငါးရွက်ကိုပြုတ်၍ သုပ်စားပါက နို့ချောင်းပိတ်ရောဂါ၊ နို့ရည် ခန်းရောဂါ၊ သကျည်းကိုက်ရောဂါ၊ ဝမ်းရစ် နာခြင်းနှင့် နှာခေါင်းသွေးလျှံခြင်းတို့ကို ပျောက်စေပါသည်။

နှလုံးရောဂါ၊  သွေးသွန်ရောဂါနှင့် ဆီးချိုရောဂါများအတွက် ရဲယိုရွက်ကို ဒန့်သလွန်ရွက်နှင့် ဟင်းချိုချက်သောက်ပါက ပျောက်ကင်းနိုင်သည်။ မြုံသောအနာအတွက် ရဲယိုရွက်ကို ကြိတ်ခြေ၍အုံပေးပါက နုလျှင်ပိန်၍ ရင့်လျှင် ပေါက်သွားစေပါသည်။ အနာမှသွေးများယို ကျသောအခါ ၎င်းအသီးခြောက်ကို အမှုန့်ပြု၍သိပ်ပေးပါက အသားနုများတက်လာပြီး အနာမြန်မြန်ကျက်စေသည်။

အဆစ်ရောင်ခြင်း၊ နာခြင်းတို့အတွက် ရဲယိုရွက်လတ်လတ်ဆတ်ဆတ်ကို ကြိတ်ခြေ ၍ ရလာသောအရည်ဖြင့် လိမ်းပေးခြင်းဖြင့် ရောဂါသက်သာစေသည်။ ထို့ပြင် ၎င်း အရွက်ရည်က အသားအရေကို နူးညံ့စေပါသည်။

ရဲယိုသီးနှင့်ကျန်းမာရေး

ရဲယိုသီးအနေတော်တစ်လုံးကို ပျားရည် လက်ဖက်စားဇွန်းနှစ်ဇွန်းခန့်နှင့် ခေါက်စား ပါက ချောင်းဆိုးရောဂါနှင့် ပန်းနာရောဂါ တို့ကို ပျောက်စေသည်။ ရဲယိုသီးမှည့်တစ်လုံးကို အညိုရောင် ထန်းလျက်သုံးခဲနှင့်နယ်၍ တစ်ညသိပ်ထား ပြီးနောက် ဆားမီးဖုတ် အနည်းငယ်ထည့်၍  ဇွန်းဖြင့် ခပ်ကြမ်းကြမ်း ခေါက်မွှေစားသုံးပေးခြင်းဖြင့် ဝမ်းဖော၊ ဝမ်းရောင်၊ ရင်ပြည့် ရင်ကယ်၊ အစာမကြေရောဂါများ ပျောက်ကင်းကာ ရင်ချောင်စေ ပါသည်။

ရဲယိုသီးနုနုကိုပြုတ်၍ သုပ်စားပါက လေထိုးလေအောင့်နှင့်သွေးတက်ရောဂါတို့ကို ပျောက်စေသည်။ အသီးမမှည့်တမှည့်ကို မီးဖုတ်၍ဆားသင့်ရုံကြိတ်ပြီး သွားတိုက်ပေးပါက သွားနှင့်သွားဖုံးများ ခိုင်မာစေပါသည်။

သွားဖုံးရောင်ခြင်းအတွက်ကိုလည်း ရဲယိုသီး မမှည့်တမှည့်တစ်လုံးကိုမီးဖုတ်ပြီး  ဆားနှင့် ရောနယ်စားပါက သက်သာပျောက်ကင်းစေပါသည်။

တီဘီရောဂါအတွက် အရည်ရွှမ်းသော ရဲယိုသီးမှည့် လတ်လတ်ဆတ်ဆတ်ကို ပန်းကန်လုံးထဲတွင်   သူ့ချည်းခေါက်၍ တစ်ကြိမ်လျှင် ဟင်းစားဇွန်းတစ်ဇွန်းခန့် တစ်ရက်လျှင်    သုံးကြိမ်စားပေးပါက သက်သာပျောက်ကင်းစေပါသည်။

မီးယပ်သွေးချုပ်ခြင်းနှင့် ငုပ်ခြင်းတို့အတွက် ရဲယိုသီးအမှည့်တစ်လုံးကို အညို ရောင် ထန်းလျက်ခဲနှစ်လုံးနှင့် ခေါက်စား ပေးပါက မီးယပ်သွေးပုံမှန်ဆင်းစေသည်။

ရဲယိုသီးအမှည့် ၁၀ လုံးအား ဆန်ခါနှင့် တိုက်ပြီး ထန်းလျက် ၁၀ ကျပ်သားနှင့် ရော၍ လေလုံအောင်ထားကာနေလှန်းပါ။ ထိုဆေးသည် သွေးဆုံးကိုင်ခြင်း၊ ဒူလာကိုင် ခြင်းနှင့် အဖောရောဂါတို့ကို ပျောက်ကင်း စေသည်။ သမားတော်ကြီးများက “မောရင် ရဲယိုစား”ဟု ဆိုစမှတ်ပြုကြသည့် ဆေးနည်းဖြစ်ပါသည်။

ရဲယိုသီးကိုစားသုံးခြင်းဖြင့် သွေးကြောများကိုကျယ်စေပြီး သွေးလည်ပတ်မှုကောင်း စေသည်။   ဆေးဝါး၏အပူကိုခံစားရပြီး သွေးတိုးရောဂါ၊     သွေးကြောကျဉ်းရောဂါတို့တွင် အကျိုးရှိအောင် ဆောင်ရွက်ပေးသော  အသီးထဲရှိ သဘာ၀ Secpoltin ဒြပ်ပေါင်း ကြောင့် ဖြစ်ပါသည်။

အမေရိကန်(ဟာဝိုင်ရီ)နှင့် ဂျပန်နိုင်ငံ အပါအဝင် တချို့နိုင်ငံများကလည်း အစေ့ အဆီကိုထုတ်၍ အရေပြားအစိုဓာတ် ထိန်းသိမ်းပေးနိုင်သည့် အလှကုန်တစ်မျိုးကို ထုတ်လုပ်ကြသည်။

(မှတ်ချက်) လူသားတို့ ကျန်းမာရေး အတွက် ရဲယိုရွက်နှင့် အသီးကိုလည်း စားနိုင်ပါသည်။ ရဲယိုပါဝင်သော ဆေးဝါးဖျော်ရည်ကိုလည်း သောက်နိုင်ပါသည်။ သို့သော် ရဲယိုသီးမှည့်နှင့် ရဲယိုဆေးဝါးဖျော်ရည်တို့ကို ထမင်းမစားမီ နာရီဝက်ကြိုတင်၍ သောက်သုံးသင့်ပါသည်။ အကြောင်းမှာ ရဲယို တွင်ပါဝင်သော XERONINE ဓာတ်များအား အစာခြေရည်များက ပျက်စီးစေနိုင်သောကြောင့် ၎င်းဓာတ်အာနိသင်အပြည့်အဝရရှိစေရန် ထမင်းမစားမီ ကြိုတင်၍ သောက်သုံးရပါမည်။ သို့သော် ရဲယိုရွက်ဟင်းလျာများခြွင်းချက်ဖြစ်၍ ထမင်းနှင့်အတူ သုံးဆောင်နိုင်ပါသည်။

အချုပ်အားဖြင့်ဆိုသော် ရဲယိုရွက်နှင့် အသီးတို့သည် ခါး၍ ပူစပ်စပ်အရသာရှိကြသဖြင့် အဖျားကိုပယ်ထုတ်ကာ သလိပ်ကိုနိုင်သည်။ သွေးလည်ပတ်မှုကောင်းစေသဖြင့် ခန္ဓာကိုယ် အနှံ့သွေးကြောများမှတစ်ဆင့် ဦးနှောက်သို့ အောက်ဆီဂျင် ကောင်းစွာရောက်ရှိစေ ပါသည်။ အရွက်တွင် အများဆုံးပါရှိသောဓာတ်မှာ ရေငွေ့ဓာတ်ဖြစ်သဖြင့် လူ့ခန္ဓာကိုယ် အတွင်း ရေ(အရည်)ဓာတ်ပြည့်ဝကာ အောက်ဆီဂျင်ဓာတ်  ဖြည့်တင်းပေးနိုင်ပါသည်။ ထို့ပြင် အဆုတ်ဆဲလ်များကို ကျန်းမာစေပါသည်။ ထိုဇီဝဖြစ်စဉ်များက ယနေ့ကာလ ကိုဗစ်-၁၉ ရောဂါကိုဖြစ်စေသော    ကိုရိုနာ ဗိုင်းရပ်များကြောင့် အဆုတ်ပျက်စီးခြင်းနှင့် ကိုယ်တွင်း အောက်ဆီဂျင်ပမာဏ ကျဆင်းသွားခြင်းတို့အတွက် ရဲယိုပင်က  လွန်စွာ အဖိုးတန်လှပါသည်။  သို့ပါ၍ ယခုလို မုတ်သုံရာသီတွင် ပေါပေါများများရနိုင်သော ရဲယိုရွက်နှင့်အသီးတို့ကို များများစားသုံးကြစေလိုပါသည်။  ။