ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ငါးကြိမ်ဆက် ကစားနိုင်သည့် ပထမဆုံး ကစားသမားအဖြစ်သာမက သွင်းဂိုးအများဆုံး ကစားသမား အဖြစ်ပါ စံချိန်သစ်နှစ်ခု စီရော်နယ်ဒို ရရှိထား

ပေါ်တူဂီအသင်း ခေါင်းဆောင် စီရော်နယ်ဒိုသည်  ဇွန် ၁၅ ရက်  ညက  ယူရို ၂ဝ၂ဝ  ပြိုင်ပွဲ  အုပ်စုပွဲစဉ် အဖြစ်ကစားသည့်  ဟန်ဂေရီအသင်းနှင့်  ပေါ်တူဂီ အသင်းတို့ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီးနောက် ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ငါးကြိမ်ဆက် ပါဝင်ကစားခွင့်ရရှိထားသည့် ပထမဆုံး ကစားသမားအဖြစ်သာမက  ပြိုင်ပွဲသမိုင်း တစ်လျှောက်  သွင်းဂိုးအများဆုံး ကစားသမားအဖြစ်ပါ စံချိန်သစ် ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ပေါ်တူဂီအသင်းက ဟန်ဂေရီ အသင်းကို  ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး  စီရော်နယ်ဒိုက ပွဲချိန် ၈၇ မိနစ်နှင့် ၉၂ မိနစ်တို့တွင် အသင်း အတွက်  အနိုင်ဂိုးသွင်းယူနိုင်ပြီးနောက်   ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင်လည်း  သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သည်။

အသက် ၃၆ နှစ်အရွယ် စီရော်နယ်ဒိုသည် ၎င်းအသက် ၁၉ နှစ်ကတည်းက ယူရို ၂ဝဝ၄ ပြိုင်ပွဲတွင် စတင်ပါဝင်ခွင့်ရရှိခဲ့ပြီးနောက်   ယူရို ၂ဝဝ၈၊ ယူရို၂ဝ၁၂၊ ယူရို ၂ဝ၁၆ နှင့် လက်ရှိ ယူရို ၂ဝ၂ဝ ပြိုင်ပွဲတို့တွင် ဆက်တိုက်ပါဝင်ခွင့် ရရှိခဲ့ပြီး ငါးကြိမ်ဆက် ပါဝင်ခွင့်ရရှိခဲ့သည့်   ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

စီရော်နယ်ဒိုနည်းတူ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အကြိမ်ရေအများဆုံး ကစားထားသည့် ကစားသမား အဖြစ်   စပိန်အသင်းဂန္ထဝင်ဂိုးသမား ကာဆီးလက်စ် က ယူရို ၂ဝဝဝ ပြိုင်ပွဲမှစတင်ကာ ယူရို ၂ဝဝ၄ ပြိုင်ပွဲ၊ ယူရို ၂ဝဝ၈ ပြိုင်ပွဲ၊ ယူရို ၂ဝ၁၂ ပြိုင်ပွဲနှင့် ယူရို ၂ဝ၁၆ ပြိုင်ပွဲတို့တွင် ငါးကြိမ်ရွေးချယ်ခံခဲ့ရသော်လည်း ယူရို ၂ဝဝဝ ပြိုင်ပွဲနှင့် ယူရို ၂ဝ၁၆ ပြိုင်ပွဲတို့တွင် ပါဝင် ကစားခွင့် မရရှိခဲ့သည့်အတွက်  သုံးကြိမ်သာ  ပါဝင်ကစားခွင့် ရရှိခဲ့သော ကစားသမားအဖြစ်သာ မှတ်တမ်းဝင်ခဲ့သည်။

ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ပြိုင်ပွဲအများဆုံး ကစားနိုင်ခဲ့သည့်ကစားသမားများအဖြစ်   ဂျာမနီ လက်ရွေးစင်အသင်းကစားသမားဟောင်း   မာသီးယက်စ်၊ ဒိန်းမတ်အသင်း ဂိုးသမားဟောင်း ရှမိုက်ကယ်၊ အီတလီလက်ရွေးစင်အသင်း ကစားသမားဟောင်းများ ဖြစ်ကြသည့်  ဒယ်ပီယာရိုနှင့်  ဂိုးသမား ဘူဖွန်၊ နယ်သာလန်အသင်း ဂိုးသမားဟောင်း ဗန်ဒါးဆား၊ ပြင်သစ်အသင်း ကစားသမားဟောင်း သူရမ်၊ ဂျာမနီ အသင်းကစားသမားဟောင်းများ ဖြစ်ကြသည့် စတိုင်ဂါနှင့် ပိုဒေါစကီး၊  ခရိုအေးရှားအသင်းမှ  ဆာနာ၊  ချက်အသင်းမှ  ပလာဆေးလ်၊ ပီတာချက်၊ ရိုဆစ်စကီး၊ ဆွီဒင်အသင်းမှ မဲလ်ဘော့၊ အီဆက်ဆန်၊ စထရွမ်း၊ အီဗရာဟီမိုဗစ်ချ်တို့က လေးကြိမ်စီ ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

ထို့ပြင်  ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်  သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင်  စီရော်နယ်ဒိုက ၁၁ ဂိုးဖြင့်  ဦးဆောင်နိုင်ခဲ့ပြီး  ၎င်း၏နောက်တွင် ပြင်သစ်အသင်း ကစားသမားဟောင်း  ပလာတီနီက ကိုးဂိုး၊ အင်္ဂလန်အသင်း ကစားသမားဟောင်း အလန် ရှီးယားက  ခုနစ်ဂိုးနှင့်  လက်ရှိ ပြင်သစ်အသင်းမှ ဂရစ်ဇ်မန်းက ခြောက်ဂိုးဖြင့် ရပ်တည်လျက် ရှိကြောင်း သိရသည်။