ယူရို ၂ဝ၂ဝ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အီတလီအသင်းနှင့် တူရကီအသင်းတို့ ပွဲစဉ်မတိုင်မီ အီတလီနိုင်ငံ ရောမမြို့ရှိ အိုလံပစ် အားကစားကွင်း၌ ကျင်းပ

ယူရို   ၂ဝ၂ဝ  ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို  ဇွန် ၁၂ ရက် နံနက်အစောပိုင်းက အီတလီလက်ရွေးစင် အသင်းနှင့်တူရကီ လက်ရွေးစင်အသင်းတို့ ပွဲစဉ်မတိုင်မီ  အီတလီနိုင်ငံ  အိုလံပစ် အားကစားကွင်း၌  ကျင်းပခဲ့ကြောင်း သိရသည်။

ယူရို ၂ဝ၂ဝ ပြိုင်ပွဲကို လေးသင်းပါ ခြောက်အုပ်စုခွဲပြီး စုစုပေါင်း  ပြိုင်ပွဲဝင်အသင်း ၂၄ သင်းဖြင့် ပြိုင်ပွဲအုပ်စုပွဲစဉ်များမှစတင်ကာ ဗိုလ်လုပွဲအထိ ဥရောပရှိ အဇာဘိုင်ဂျန်၊ ဒိန်းမတ်၊ အင်္ဂလန်၊ ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ နယ်သာလန်၊ ရိုမေးနီးယား၊ ရုရှား၊ စကော့ တလန်နှင့် စပိန် ၁၁ နိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး ဗိုလ်လုပွဲကို   အင်္ဂလန်နိုင်ငံရှိ  ဝင်ဘလေ အားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို ၂ဝ၂ဝ ပြည့်နှစ်အတွင်းက ကျင်းပရမည်ဖြစ်သော်လည်း  COVID-19  ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ယခုနှစ်မှသာ ကျင်းပခဲ့ခြင်းဖြစ်သော်လည်း   ပြိုင်ပွဲအမည်ကို ပြောင်းလဲခြင်းမရှိဘဲ  ယူရို ၂ဝ၂ဝ ပြိုင်ပွဲအမည်ဖြင့်  ဇွန် ၁၂  ရက်မှ စတင်ပြီး ဇူလိုင် ၁၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ယူရို ၂ဝ၂ဝ ပြိုင်ပွဲအဖွင့်ပွဲစဉ်ကို  အီတလီနိုင်ငံ၌ ကျင်းပခဲ့သော်လည်း ပိတ်ပွဲ အခမ်းအနားကို အင်္ဂလန်နိုင်ငံ   ဝင်ဘလေ အားကစားကွင်း၌  ကျင်းပမည်ဖြစ်သည်။

အဖွင့်ပွဲစဉ်အဖြစ်    တူရကီအသင်းနှင့်   အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အီတလီအသင်းက ၃ ဂိုး-ဂိုးမရှိဖြင့်    အုပ်စုအဖွင့်ပွဲစဉ်၌    အနိုင်ရရှိခဲ့သည်။

ယူရို ၂ဝ၂ဝ ပြိုင်ပွဲ ပထမဆုံးဂိုး သွင်းယူနိုင်သည့် ကစားသမားအဖြစ် တူရကီအသင်း ခံစစ်ကစားသမား ဒီမီရယ်က ကိုယ့်ဂိုးကိုယ်သွင်းယူမိပြီး  ပထမဆုံးဂိုးသွင်းယူသည့် ကစားသမားအဖြစ်  မှတ်တမ်းဝင်ခဲ့ကာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက်တွင်လည်း အဖွင့် ဂိုး ကိုယ့်ဂိုးကိုယ် သွင်းယူသည့်ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အလားတူ တူရကီအသင်းနှင့် အီတလီအသင်းတို့ ပွဲစဉ်အပြီးတွင် အီတလီလက်ရွေးစင် အသင်းအတွက် ဒုတိယဂိုးသွင်းယူနိုင်ခဲ့သည့် အမ်မိုဘိုင်းသည်လည်း လက်ရှိကစားနေသည့်  အီတလီ ကစားသမားများတွင်   ဒုတိယမြောက်သွင်းဂိုး အများဆုံးဖြစ်လာပြီး ဝါရင့်ခံစစ်ကစားသမား ချီလီနီသည်လည်း ယူရိုပြိုင်ပွဲကို လေးကြိမ်မြောက်အဖြစ် ကစားခဲ့သည့် ကစားသမားအဖြစ် ဂိုးသမားဘူဖွန်နှင့် တိုက်စစ်မှူးဟောင်း ဒယ်ပီယာရိုတို့ စံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။