ယူရို ၂၀၂၀ ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အင်္ဂလန်အသင်းနှင့် အီတလီအသင်းတို့ ဇူလိုင် ၁၂ ရက်တွင် အင်္ဂလန်နိုင်ငံ ဝင်ဘလေအားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည်

လန်ဒန်၊ ဘောလုံး

ယူရို ၂၀၂၀ ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ်  အင်္ဂလန်အသင်းနှင့် အီတလီအသင်းတို့သည် ဇူလိုင် ၁၂ ရက်  (မြန်မာစံ တော်ချိန် နံနက် ၁ နာရီခွဲ)တွင်   အင်္ဂလန်နိုင်ငံ ဝင်ဘလေအားကစားကွင်း၌  ယှဉ်ပြိုင်ကစား မည်ဖြစ်ကြောင်း သိရသည်။ အင်္ဂလန်အသင်းသည် ယူရို  ၂၀၂၀ ပြိုင်ပွဲမစတင်မီကတည်းက  ချန်ပီယံဆုဆွတ်ခူးရန်  ရေပန်းအစား ဆုံးအသင်းဖြစ်ပြီး ရှုံးထွက်အဆင့်လမ်းကြောင်းတွင် ထိပ်တန်းအသင်းကြီးများနှင့် ကစားရခြင်းမရှိဘဲ ဆီမီးဖိုင်နယ်အဆင့်၌  ဒိန်းမတ်အသင်းကို အနိုင်ရရှိကာ  အသင်းသမိုင်းတစ်လျှောက်   ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ် သကဲ့သို့ ၁၉၆၆ ခုနှစ်နောက်ပိုင်း အဓိကပြိုင်ပွဲကြီးများ၌  ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်ခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသင်းသည် ခံစစ်အကောင်းဆုံးအသင်း အဖြစ်ရပ်တည်ခဲ့ကာ ဗိုလ်လုပွဲတက်ရောက်ချိန်အထိ ပေးဂိုး  တစ်ဂိုးသာခွင့်ပြုခဲ့ရပြီး လက်ရှိတွင် အီတလီအသင်းသည်လည်း  ခံစစ်အကောင်းဆုံးအသင်းများမှ တစ်သင်းအပါအဝင် ရပ်တည်နေသည်။ အလားတူ ဗိုလ်လုပွဲ တက်ရောက် လာသည့် အီတလီအသင်းသည်    ယူရိုပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး  အုပ်စုပွဲစဉ် များမှစတင်ကာ  ကွာတားဖိုင်နယ်အဆင့်အထိ ပွဲစဉ် အားလုံးအနိုင်ရရှိအောင်ကစားနိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် ရေပန်းစားသည့်အသင်းများမှ ဘယ်လ်ဂျီယံအသင်းကို  ကွာတားဖိုင်နယ်အဆင့်တွင် အနိုင်ရရှိသကဲ့သို့ စပိန်အသင်းကိုလည်း ဆီမီးဖိုင်နယ်အဆင့်တွင် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာနိုင်ခဲ့ခြင်းဖြစ်ကာ ထိပ်တန်းအသင်းကြီးများကို ကျော်ဖြတ်ပြီး ထိုက်ထိုက်တန်တန် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အီတလီအသင်းသည် ယူရို  ၁၉၆၈  ပြိုင်ပွဲ၌  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သော် လည်း  ယူရို  ၂၀၀၀ ပြိုင်ပွဲနှင့် ယူရို ၂၀၁၂ ပြိုင်ပွဲတို့တွင် ဒုတိယဆုသာရရှိခဲ့ကြောင်း သိရသည်။