ယူရို ၂၀၂၀ ပြိုင်ပွဲ သွင်းဂိုးအများဆုံးကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆုကို ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်ဒို ရရှိရန် သေချာသလောက်ရှိနေ

နီယွန်၊ ဘောလုံး

ယူရို  ၂၀၂၀ ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များ ပြီးဆုံးချိန်တွင် သွင်းဂိုးအများဆုံးကစားသမားဆုဖြစ်သည့် ရွှေဖိနပ်ဆုအတွက် ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုရရှိရန် သေချာသလောက်ရှိနေကြောင်း သိရသည်။ ယူရို  ၂၀၂၀ ပြိုင်ပွဲပြီးဆုံးရန် ဗိုလ်လုပွဲတစ်ပွဲအလိုတွင်  ပေါ်တူဂီအသင်းမှ စီရော်နယ်ဒိုက ၁၆ သင်း ရှုံးထွက်အဆင့်မှပင် ထွက်ခွာခဲ့ရသော်လည်း သွင်းဂိုး ငါးဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ်ဖြင့် ထိပ်ဆုံး၌ရပ်တည်နေ ခြင်းဖြစ်သည်။ ဥရောပဘောလုံးအဖွဲ့ချုပ်သည် အစောပိုင်းကတည်း က သွင်းဂိုးအများဆုံး ကစားသမားဆု အတွက် စည်းမျဉ်းများသတ်မှတ်ထားရာ သွင်းဂိုးအရေအတွက်  တူညီနေပါက ဒုတိယဦးစားပေးအဖြစ်  ဂိုးဖန်တီးမှု အကြိမ်ရေနှင့် နှိုင်းယှဉ်မည်ဖြစ်ပြီး သွင်းဂိုးအရေအတွက်နှင့် ဂိုးဖန်တီးမှုအကြိမ်ရေတူညီနေပါက   ပါဝင်ကစားခဲ့ သည့်   မိနစ်နည်းသောကစားသမားကို  ဦးစားပေးရွေးချယ်မည်ဖြစ်သည်။ အဆိုပါအချက်များပါ တူညီနေမည်ဆိုပါက နောက် ဆုံးအဆင့်အဖြစ်  ခြေစစ်ပွဲ ပွဲစဉ်များ၌ သွင်းယူခဲ့သည့်သွင်းဂိုးများနှင့် နှိုင်းယှဉ်ရွေးချယ်မည်ဖြစ်ပြီး လက်ရှိတွင်ချက်အသင်းမှ ပက်ထရစ်ရှစ်ချ်က  သွင်းဂိုးငါးဂိုးသွင်း ယူပြီး  စီရော်နယ်ဒိုနှင့် သွင်းဂိုးတူညီသော်လည်း ဂိုး ဖန်တီးမှု တစ်ကြိမ်မျှမရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရွှေဖိနပ်ဆုအတွက်  ဗိုလ်လုပွဲတက်ရောက်ခဲ့သည့်  အင်္ဂလန်အသင်းမှ ဟယ်ရီကိန်းက သွင်းဂိုးလေးဂိုးဖြင့်  မျှော်လင့်ချက်ရှိနေဆဲဖြစ်သော်လည်း ၎င်းအနေဖြင့်  စီရော်နယ်ဒိုကို ကျော်ဖြတ်ရန်အတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူရန် လိုအပ်နေပြီး သွင်းဂိုးတစ်ဂိုးသာ သွင်းယူပါကလည်း ဂိုးဖန်တီးမှုအကြိမ်ရေ လိုအပ်နေသေးသဖြင့် ဟယ်ရီကိန်းအတွက် ဗိုလ်လုပွဲ၌ တစ်ဂိုးသွင်းယူနိုင်ခဲ့လျှင်လည်း  ဂိုးဖန်တီးမှုအနည်းဆုံးနှစ်ကြိမ်အထိ  ဖန်တီးနိုင်ရန် လိုအပ်နေသည့်အတွက်  စီရော်နယ်ဒိုက သေချာသလောက်အနေအထားတွင်ရှိနေကြောင်း သိရသည်။