ရက်ရှ်ဖို့ဒ်အနေဖြင့် ဒဏ်ရာ သက်သာလာ၍ အသင်းနှင့် ပူးပေါင်းနေပြီဖြစ်သော်လည်း အောက်တိုဘာ လလယ်ပိုင်းမှသာ ပြန်လည် ကစားနိုင်မည်ဖြစ်ကြောင်း နည်းပြဆိုးလ်ရှား အတည်ပြု

ရက်ရှ်ဖို့ဒ်အနေဖြင့် ဒဏ်ရာ သက်သာလာ၍ အသင်းနှင့် ပူးပေါင်းနေပြီဖြစ်သော်လည်း အောက်တိုဘာ လလယ်ပိုင်းမှသာ ပြန်လည် ကစားနိုင်မည်ဖြစ်ကြောင်း နည်းပြဆိုးလ်ရှား အတည်ပြု

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက    အသင်းမှ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေဖြင့် ဒဏ်ရာသက်သာလာ၍ အသင်းနှင့် ပူးပေါင်းနေပြီဖြစ်သော်လည်း အောက်တို ဘာလလယ်ပိုင်းမှသာ    ပြန်လည် ကစားနိုင်မည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

အသက် ၂၃ နှစ်အရွယ် ရက်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ နှောင်းပိုင်းကတည်းက   ပခုံးဒဏ်ရာ ရရှိခဲ့သော်လည်း  ရာသီပြီးဆုံးချိန်အထိ  ပါဝင်ကစားခဲ့သကဲ့သို့ ယူရို ၂ဝ၂ဝ ပြိုင်ပွဲတွင်လည်း အင်္ဂလန်အသင်းနှင့် ပူးပေါင်းပါဝင် ကစားခဲ့ပြီးနောက် ယူရို ၂ဝ၂ဝ ပြိုင်ပွဲ အပြီး သြဂုတ်လက ကာလရှည်ခံစားနေရသည့် ပခုံး ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့သည်။

ရက်ရှ်ဖို့ဒ်အနေဖြင့်   ပခုံးခွဲစိတ်ကုသ ဒဏ်ရာမှာ မြန်မြန်ပြန်လည် ကောင်းမွန်လာခဲ့ပြီးနောက် လက်ရှိ တွင်   အသင်းနှင့်ပြန်လည် ပူးပေါင်းပြီး    စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ်သော်လည်း  အသင်း နှင့်   ပွဲထွက်ခွင့်ရရှိရန် အချိန်ယူရဦးမည်ဟု နည်းပြ ဆိုးလ်ရှားကပြောသည်။

နည်းပြဆိုးလ်ရှားက    ''ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာက ကျွန်တော်တို့ ထင်ထားတာထက်   မြန်မြန်ပြန်လည် သက်သာလာခဲ့တာ ကျွန်တော်တို့အတွက် ကျေနပ်စရာ ပါ။  သူ့အနေနဲ့   အသင်းနဲ့ ပူးပေါင်းနေပြီဆိုပေမယ့် ပွဲထွက်ကစားဖို့ အတွက်တော့  အသင့်မဖြစ်သေးပါဘူး။ အချိန်တစ်ခုယူပြီး  အနားယူရဦးမှာဖြစ်ပါတယ်။  သူ့ အနေနဲ့   အောက်တိုဘာလမှာ ယှဉ်ပြိုင်ကစားမယ့် နိုင်ငံတကာ ပွဲစဉ်တွေမှာလည်း    အင်္ဂလန်အသင်း အတွက် ပါဝင်ကစားနိုင်မှာ မဟုတ်သေးပါဘူး။ နိုင်ငံ တကာ ပွဲစဉ်တွေအပြီး    အောက်တိုဘာ လလယ်ပိုင်း လောက်မှသာ  ပြန်လည် ကစားနိုင်ပါလိမ့်မယ်''  ဟု ပြောသည်။

ရက်ရှ်ဖို့ဒ်အနေဖြင့်    ယခုဘောလုံးရာသီတွင် တစ်ပွဲမှ ကစားခဲ့ရခြင်း မရှိသေးဘဲ အသင်းနှင့် ပထမဆုံး ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၆ ရက်တွင်ကစားမည့် လက်စတာအသင်းနှင့် ပွဲစဉ်၌   စတင်ပါဝင်လာဖွယ် ရှိနေကြောင်း သိရသည်။