ရင်းနက်စ်အသင်းလူငယ်ကစားသမား ကာမာဗင်ဂါကို ယူရို ၃၁ သန်းဖြင့် ခြောက်နှစ်စာချုပ်ချုပ်ဆိုခေါ်ယူနိုင်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်း အတည်ပြု

မက်ဒရစ်၊ ဘောလုံး

ရီးယဲလ်မက်ဒရစ်အသင်းသည် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီကို မခေါ်ယူနိုင်ခဲ့သော်လည်း အပြောင်းအရွှေ့ကာလ နောက်ဆုံးရက် တွင် ရင်းနက်စ်အသင်း လူငယ်ကစားသမား ကာမာဗင်ဂါကို ပြောင်းရွှေ့ကြေးယူရို ၃၁ သန်းဖြင့် ခြောက်နှစ်စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းက အတည်ပြုခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုနှစ်ကစားသမား အပြောင်းအရွှေ့ကာလတွင် အဓိကပစ်မှတ်အဖြစ် အမ်ဘတ်ပီကိုခေါ်ယူရန်  ကမ်းလှမ်းခဲ့သော်လည်း ပီအက်စ်ဂျီအသင်းက အကြိမ်ကြိမ်ငြင်းပယ်ခဲ့သည့် အတွက် လက်လျှော့ခဲ့ပြီး ကာမာဗင်ဂါကို ခေါ်ယူခဲ့ ခြင်းဖြစ်သည်။

ကာမာဗင်ဂါကို အစောပိုင်းက ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ   ဥရောပထိပ်တန်းကလပ် အသင်းများဖြစ်သည့် ပီအက်စ်ဂျီ၊  မန်ယူနှင့်  ချယ်လ်ဆီးအသင်းတို့က ကမ်းလှမ်းမှုများပြုလုပ်ခဲ့ကြသော်လည်း ကာမာဗင်ဂါကိုယ်တိုင်က ရီးယဲလ်မက်ဒရစ် အသင်း သို့သာ   ပြောင်းရွှေ့ကစားရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကာမာဗင်ဂါကို အစောပိုင်းက ရင်းနက်စ်အသင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမား ကိုယ် တိုင်က အသင်းမှထွက်ခွာရန် ပြင်ဆင်နေသည့်အတွက် လာမည့်နှစ်အပြောင်းအရွှေ့ ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရနိုင်သည့်အခြေအနေများကြောင့် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလမပြီးဆုံးမီ ရောင်းချရန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ကာမာဗင်ဂါသည်  အသက်  ၁၈  နှစ်သာရှိသေးသော်လည်း  ပြီးခဲ့သည့်ဘောလုံးရာသီနှစ်ခုအတွင်း ရင်းနက်စ်အသင်းနှင့်အတူ   အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး  အသင်းနှင့်  ပြိုင်ပွဲစုံ ၈၇ ပွဲအထိပါဝင်ကစားခွင့်ရရှိခဲ့ကာ ဥရောပထိပ်တန်းအဆင့်ရှိ ခြေစွမ်းပြနိုင်ခဲ့ သူဖြစ်သည်။   ထို့ပြင် ပြင်သစ်လက်ရွေးစင်အသင်းနှင့်လည်း    သုံးပွဲအထိပါဝင်ကစားထားပြီး ဥရောပ၌   အလားအလာအရှိဆုံး   လူငယ် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ကြောင်း သိရသည်။  

Ref;Marca