ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြည့်ရှုအားပေး၊ ကိုဗစ်ချေးငွေအတွက် လျှောက်လွှာများ လက်ခံ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကြည့်ရှုအားပေး၊ ကိုဗစ်ချေးငွေအတွက် လျှောက်လွှာများ လက်ခံ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

ရန်ကုန်  စက်တင်ဘာ  ၂၄

ရင်းနှီးမြှုပ်နှံမှုနှင့်    နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ စက်မှုဇုန်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Shwe Me TharLogistic Service Co., Ltd. သို့ သွားရောက် ကြည့်ရှုအားပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များကို ကုမ္ပဏီ၏ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ လှိုင်မြစ်ရေကြောင်းလမ်းမှ သီလဝါဆိပ်ကမ်းနှင့် အခြားပြည်တွင်း ဆိပ်ကမ်းများသို့   ကွန်တိန်နာ သယ်ယူပို့ဆောင်မှုနှင့် ပြည်ပသို့ဆန်တင်ပို့နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို အကြံပြု ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး   ရွာသာကြီးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ခွင့်ပြုမိန့်ဖြင့် ကုန်းတွင်းဆိပ် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် Resources Group Logistic Co., Ltd. သို့    ရောက်ရှိရာ လုပ်ငန်းခွင်၌    ကုမ္ပဏီ တာဝန်ရှိသူများက ရန်ကုန်-မန္တလေး    မီးရထားလမ်းနှင့် ချိတ်ဆက်၍ ကုန်းတွင်း ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှု၊ ကုန်ပစ္စည်း သိုလှောင်၍ ဝန်ဆောင်ပေးနေမှု၊ ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများ ကိုင်တွယ် ဆောင်ရွက်နေမှု၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်များနှင့် Bonded ware-house  စနစ်ဖြင့်  အကောက်ခွန် ရှင်းလင်း ဝန်ဆောင်ပေးနေမှု   အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက  ဆက်လက်ဆောင်ရွက် ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပေးပြီး လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အကြုံပြု ညှိနှိုင်းပေးသည်။

ပြည်ထောင်စုဝန်ကြီးသည်   မွန်းလွဲပိုင်းတွင်   မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)  ရုံးသို့   သွားရောက်ခဲ့ပြီး  ရန်ကုန်မြို့ရှိ   ပြည်ပနိုင်ငံ အသီးသီးမှ ကုန်သည် စက်မှု/အသင်းများ၊ UMFCCIအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ရာ  တက်ရောက်သည့်  ကိုယ်စားလှယ်များက  ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက် ရှိရာတွင်  ကြုံတွေ့နေရသည့် အခက်အခဲများ၊ လုပ်ငန်းများ ဆက်လက်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် ဌာနအသီးသီးက ကူညီဆောင်ရွက်ပေးစေလိုသည့် ကိစ္စများကို တင်ပြကြသည်။   တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီး မြှုပ်နှံလျက်ရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ  လုပ်ငန်းပိုမိုလွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ပေးမည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းများ ရိုးရှင်းလွယ်ကူရေး၊ Online  စနစ်ဖြင့်   ဝန်ဆောင်မှု မြှင့်တင်ရေး၊  ရင်းနှီးမြှုပ်နှံမှု အတားအဆီးများ လျှော့ချရေးတို့အတွက် အလေးထား ဆောင်ရွက်ပေးမှု ကိစ္စရပ်များ၊ စီးပွားရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး   နိုင်ငံခြားစီးပွားရေး အသင်းအဖွဲ့များအနေဖြင့်  ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွေးမြူရေးနှင့်  ရေလုပ်ငန်းရှင်များအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးမည့် ကိုဗစ်ချေးငွေအတွက် လျှောက်လွှာများ လက်ခံ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။  အဆိုပါ  ကိုဗစ်ချေးင ွေလျှောက်ထားမှုများကို ၂ဝ၂၁ ခုနှစ် စက်တင်ဘာ  ၃ဝ ရက်အထိ   လက်ခံ ဆောင်ရွက်ပေးလျက်ရှိပြီး   UMFCCI အသင်းချုပ်ရုံးသို့ လူကိုယ်တိုင် လာရောက် လျှောက်ထားခြင်း၊  သို့မဟုတ်  Online မှတစ်ဆင့်လည်း     လျှောက်ထားခြင်းများ  ပြုလုပ်နိုင်မည်ဖြစ်ကြောင်း  သိရှိရသည်။