ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်ဆန္ဒပြ လူစုလူဝေးများမှ လမ်းမများပေါ်တွင် ပိတ်ဆို့ထားသော အတားအဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူအကြမ်းဖက်ဆန္ဒပြ လူစုလူဝေးများမှ လမ်းမများပေါ်တွင် ပိတ်ဆို့ထားသော အတားအဆီးများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖယ်ရှားရှင်းလင်း

နေပြည်တော်၊ မတ်လ ၁၇  

ရန်ကုန်တိုင်းဒေသကြီးအတွင်း စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ဗားကရာလမ်းနှင့် ဒဂုံစင်တာရှေ့၊ ကြည်မြင်တိုင်နှင့် လှိုင်သာယာအနောက်မြို့နယ်များအတွင်းရှိ လမ်းမများပေါ်တွင် ဆူပူအကြမ်းဖက် လူစုလူဝေးများမှ အများပြည်သူသွားလာ၍ မရစေရန်၊ မီးဘေးအန္တရာယ်အတွက် မီးငြိမ်းသတ်ရန်သွားရောက်မည့် မီးသတ်ယာဉ်များ သွားလာ၍မရစေရန်နှင့် လုံခြုံရေးတပ်ဖွဲ့များ အလွယ်တကူသွားလာ၍မရစေရန်စသည့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လမ်းမများပေါ်တွင် တာယာကွင်းများ၊ သဲအိတ်များ၊ သစ်ကိုင်းများ၊ အုတ်ခဲကျိုးများ၊ သံချောင်းများ အစရှိသည့် ပစ္စည်းမျိုးစုံကို အသုံးပြုကာ လမ်းပိတ်ဆို့ထားရှိမှုများအား ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

ဖော်ပြပါကဲ့သို့ ဆောင်ရွက်နေမှုများသည် စည်ပင်သာယာရေးဥပဒေအရ သော်လည်းကောင်း၊ ရာဇသတ်ကြီးဥပဒေအရသော်လည်းကောင်း ဥပဒေနှင့် ငြိစွန်းလျက်ရှိနေကြသည်ကို ဂရုမပြုဘဲ "အများနှင့်လုပ်ဆောင်ပါက အရေးယူ၍မရနိုင်"ဆိုသည့် အတွေးအခေါ်အယူအဆအမှားများအား သွေးထိုးလှုံ့ဆော်ရိုက်သွင်းကာ နိုင်ငံတော်ဆန့်ကျင်ရေးကို ဆောင်ရွက်နေကြပါသည်။

ထိုကဲ့သို့ လမ်းပိတ်ဆို့ထားသည့် အတားအဆီးများရှိနေခြင်းအား လက်မခံနိုင်သည့် လုံခြုံ တည်ငြိမ်အေးချမ်းသာယာရေးကို လိုလားကြသည့် ပြည်သူလူထုများ၏ တောင်းဆိုမှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ အချို့သောနေရာများတွင် ပြည်သူလူထုအချို့မှ ၎င်းတို့၏သဘောဆန္ဒဖြင့် ပူးပေါင်းပါဝင်ကာ လမ်းပိတ်ဆို့ထားသည့် အတားအဆီး များကို ယနေ့တွင် ယာဉ်/ယန္တရားများဖြင့် ရှင်းလင်းခဲ့ကြကြောင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။