ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ရှိ ကမ္ဘာ့ရတနာ ဘဏ်ခွဲ ၂ ခု တို့အား သေနတ်ပစ်ဖောက် ခြိမ်းခြောက်၍ လုယက်မှု ကျူးလွန်ခဲ့သူများကို ဖော်ထုတ် ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့ရှိ ကမ္ဘာ့ရတနာ ဘဏ်ခွဲ ၂ ခု တို့အား သေနတ်ပစ်ဖောက် ခြိမ်းခြောက်၍ လုယက်မှု ကျူးလွန်ခဲ့သူများကို ဖော်ထုတ် ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၁

  ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၅/၇)ဗြဟ္မစိုရ်လမ်းရှိ ကမ္ဘာ့ရတနာ ဘဏ်ခွဲအား EE-4402 CALDINA အဖြူရောင် အငှားယာဉ်ဖြင့် အမျိုးသား ၄ ဦးက သေနတ် ၃ ချက်ပစ်ဖောက်၍ ငွေကျပ်(၁၈၅)သိန်းအား လည်းကောင်း၊ ဩဂုတ်လ ၃၀ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ သမိုင်းမြို့ဟောင်း(၈)လမ်းရှိ ဘုရင့်နောင် ကမ္ဘာ့ရတနာ ဘဏ်ခွဲ(၂)သို့ YGN 1J/9428 နံပါတ်တပ်ဆင်ထားသည့် Crown အမျိုးအစား အဖြူရောင်ယာဉ်ဖြင့် ပစ္စတိုသေနတ်ကိုယ်စီ ကိုင်ဆောင်ထားသော အမျိုးသား ၄ ဦးရောက်ရှိလာပြီး ငွေကျပ်(၁၁၇၉)သိန်းခန့် အား လည်းကောင်း လုယက် ယူဆောင်သွားသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

  ထိုသို့ဘဏ် လုယက်မှုကျူးလွန်ခဲ့သူ တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးအဖွဲ့က အပူတပြင်း လိုက်လံစုံစမ်းဖော်ထုတ် ဆောင်ရွက်ခဲ့ရာ တောင်ဥက္ကလာပမြို့နယ်ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲအား လုယက်မှု ကျူးလွန်ခဲ့သူများ အသုံးပြုခဲ့သော EE/4402 CALDINA အဖြူရောင် အငှားယာဉ်မောင်းဖြစ်သူ လင်းလင်းထိုက်(ခ)နဂါးအား ထိန်းသိမ်းစစ်ဆေးခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ စမ်းချောင်းမြို့နယ်၊ လင်းလွန်းမြောက်ရပ်ကွက်၊ စစ်ကိုင်းလမ်း၊ တိုက်အမှတ်(၁၆)၊ (၅)လွှာ (ယာ)ခန်းနှင့် တာမွေမြို့နယ် ၊ မလွှကုန်းရပ်ကွက်၊ ဗညားဒလလမ်း နေအိမ်တိုက်ခန်းများသို့ ဝင်ရောက်ရှာဖွေခဲ့ရာ တရားခံများအား တွေ့ရှိရခြင်း မရှိဘဲ ၎င်းတို့ အသုံးပြုခဲ့သည့် ဆက်စပ်ပစ္စည်းအချို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

  အလားတူ ဘုရင့်နောင်ကမ္ဘာ့ရတနာ ဘဏ်ခွဲ(၂)အား လုယက်မှု ကျူးလွန်စဉ် အသုံးပြုခဲ့သည့် YGN 1J/9428 နံပါတ်တပ်ဆင်ထားသော Crown အမျိုးအစား အဖြူရောင် ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးသောင်းထိုက် အား ထပ်မံထိန်းသိမ်း စစ်ဆေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁၈ ရက် ည ၇ နာရီ ခန့်တွင် စိုးသူအောင်(ခ)စိုးကြီးအား ထပ်မံထိန်းသိမ်း စစ်ဆေးခဲ့သည်။ စိုးသူအောင်(ခ)စိုးကြီး၏ ထွက်ဆိုချက်အရ သူရအောင် (ခ)သူရ (ခ)မိုးအောင် နေထိုင်သည့် အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊ အောင်သိဒ္ဓိလမ်း၊ အမှတ် (၁၁၈) ဒုတိယထပ်၊ အခန်း(B)သို့ သွား ရောက်၍ ရှာဖွေရာ ၎င်း၏မိဘများဖြစ်သည့် ဦးနိုင်ဝင်းနှင့် ဒေါ်ကလျာစုလှိုင်သန့် တို့အား ၎င်းအပ်နှံထားသည့် ငွေကျပ်(၆၂)သိန်း၊ လုယက်မှု ကျူးလွန်စဉ်တွင် အသုံးပြုခဲ့သည့် YGN 9I/1163 Crown ယာဉ်တို့နှင့် လည်းကောင်း၊ သူရအောင်(ခ)သူရ (ခ)မိုးအောင်(၂၄)နှစ် အား ဩဂုတ်လ ၁၉ ရက် နံနက် ၈ နာရီ၁၀ မိနစ်ခန့်တွင် အင်းစိန် ဆေးရုံဝင်ပေါက်ရှေ့၊ မင်းကြီးလမ်းပေါ်တွင် လူ့ယက်မှု ကျူးလွန်ရာမှ ရရှိသည့်ငွေများဖြင့် ဝယ်ယူထားသော YGN 1F/4191 KIA အမျိုးအစား အပြာရောင် ဆလွန်းယာဉ်နှင့်အတူ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

သူရအောင်(ခ)သူရ(ခ)မိုးအောင်၏ ထွက်ဆိုချက်အရ ကမ္ဘာ့ရတနာဘဏ်များကို လုယက်မှု ကျူးလွန်ရာတွင် ၎င်းနှင့် မင်းညို(ခ) ကျော်ဇင်လင်း(ခ)အောင်ဆက်နိုင်တို့က ဦးဆောင်ခဲ့ပြီး ပက်ထရစ်(ခ) ဝင်းထိုက်ကိုကို၊ ဟိန်းဇေ(ခ)မင်းဟိန်းသူ(ခ)ရာမန်း၊ မြတ်မင်း(ခ)ဖြိုးဟိန်းကျော် (ခ)ဟန်မီဒွတ်လာ၊ မဝင်းထက်မာ (ခ)ရှီမား(ခ)သင်းယုမေ နှင့် ဇော်မင်းနိုင် တို့ ပါဝင်ခဲ့ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

ပါဝင်ပတ်သက်ခဲ့သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၉ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရပ်ကွက်၊ (၁၅၂)လမ်း၊ တိုက်(၄၀)၊ မြေညီထပ်(ဝဲ)အခန်း၌ မဝင်းထက်မာ(ခ)ရှီမား(ခ)သင်းယုမေ (၂၂)နှစ် နှင့် ဟိန်းဇေ(ခ)ဟိန်းမင်းသူ(ခ)ရာမန်း (၁၉)နှစ် တို့အား လည်းကောင်း၊တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ရန်ကြီးအောင်လမ်း၊ အမှတ်(၁၃၄၈)၊ မြေညီထပ်(ယာ)အခန်း၌ မင်းညို(ခ) ကျော်ဇင်လင်း(ခ) အောင်ဆက်နိုင် (၂၅)နှစ် ၊ အခန်းပိုင်ရှင်ဖြစ်သူ အောင်အောင် (၄၃)နှစ် နှင့် အတူနေထိုင်သူ ပြည့်ဖြိုးကျော် (၂၅)နှစ် တို့အား ပစ္စတိုသေနတ်(၂)လက်၊ USA 380 ကျည်(၅၀) တောင့်၊ 9MM Luger ကျည်(၅၀)တောင့်၊ ပစ္စတိုကျည်အိမ်အပို(၁)ခု၊ ဖြစ်စဉ်တွင်အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်အတု ၁ လက်၊ အကြမ်းဖက် တိုက်ခိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ၊ YGN 9D/6787 နံပါတ်တပ်ဆင်ထားသော TOYOTA CROWN ယာဉ်(၁)စီး၊ ငွေကျပ်(၅၀,၅၅၀,၀၀ဝိ/-) တို့နှင့်လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

ထို့နောက် နေ့လယ် ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် ပက်ထရစ်(ခ)ဝင်းထိုက်ကိုကို (၂၀)နှစ် အား တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင်ရွာမရပ်ကွက်၊ (၁၅၂)လမ်း၊ တိုက်(၄၀)ရှိ မဝင်းထက်မာ (ခ)ရှီမား(ခ)သင်းယုမေ ထံသို့ လာရောက်စဉ်၌ လည်းကောင်း၊ ညနေ ၅နာရီ ၄၅မိနစ်အချိန်တွင် မြတ်မင်း (ခ)ဖြိုးဟိန်းကျော်(ခ)ဟန်မီဒွတ်လာ (၂၀)နှစ်အား ၎င်းနေထိုင်ရာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေ ကုန်း ရပ်ကွက်၊ လမ်း(၁၃၀)၊ တိုက်အမှတ်(၅၀)၊ ၇ လွှာ (ဝဲ)ခြမ်းတွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးချက်များအရ ၎င်းတို့သည် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့ပြီး မတ်လအတွင်း၌ သူရအောင်(ခ)သူရ(ခ)မိုးအောင်၊ မင်းညို(ခ) ကျော်ဇင်လင်း(ခ) အောင်ဆက်နိုင်၊ ဝင်းထက်မာ(ခ)ရှီမား(ခ)သင်းယုမေ၊ ပက်ထရစ်(ခ)ဝင်းထိုက်ကိုကို၊ ဟိန်းဇေ(ခ)ဟိန်းမင်းသူ(ခ)ရာမန်း တို့သည် KIA တပ်မဟာ ၄ မိုင်ဂျာယန်တွင် အကြမ်းဖက် သင်တန်းအား တက်ရောက်ခဲ့ကြောင်း၊ မေလအတွင်း ရန်ကုန်မြို့သို့ ပြန်ရောက်ပြီး မင်းညို(ခ)ကျော်ဇင်လင်း၊ သူရအောင် (ခ)သူရ၊ ပက်ထရစ်(ခ) ဝင်းထိုက်ကိုကိုတို့နှင့် အတူ UGP (Urban Gurella Post) မြို့ပြပျောက်ကျား သတင်းစဉ် ခေါင်းစဉ်ဖြင့် လှုပ်ရှားခဲ့ကြကြောင်း၊ ထို့နောက် P.R.A (People Republican Army)အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး သူရအောင် (ခ)သူရမှ ရန်ပုံငွေရှာဖွေရေး တာဝန်ကို လည်းကောင်း၊ မင်းညို(ခ)ကျော်ဇင်လင်းမှ လက်နက်ခဲယမ်းများ ဝယ်ယူရေး တာဝန်ကိုလည်းကောင်း၊ ဝင်းထက်မာ(ခ)ရှီမား(ခ) သင်းယုမေသည် စာရင်းဇယား ကိုင်တွယ် ထိန်းသိမ်းခြင်း တာဝန်ကို လည်းကောင်း အသီးသီး ရယူခဲ့ကြောင်း၊ အဖွဲ့၏ ရည်ရွယ်ချက်မှာ ငွေကြေးများလုယက်ပြီး လက်နက်ကိုင် တိုက်ခိုက်ရေးဘက်သို့ ဦးတည်နိုင်ရန် ဖြစ်ကြောင်း၊ ဝင်းထက်မာ (ခ)ရှီမား(ခ)သင်းယုမေသည် အကြမ်းဖက်အုပ်စုအဖြစ် ကြေငြာထားသည့် NUGမှ အိသဉ္ဇာမောင်၏ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပန်းပဲတန်းမြို့နယ် လူငယ်ဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ မတ်လအထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အိသဥ္ဇာမောင်နှင့်အတူ လှိုင်မြို့နယ်အတွင်း ဆူပူဆန္ဒပြပွဲများတွင် မတ်လပထမပါတ်အထိ ဆက်တိုက် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ထွက်ဆိုချက်များအရ မင်းညို(ခ)ကျော်ဇင်လင်း(ခ)အောင်ဆက်နိုင်သည် ၂၀၂၁ ခုနှစ်၊ ဇွန်လကုန်ခါနီးတွင် ဆူပူဆန္ဒပြမှု များအတွင်း သိကျွမ်းရင်းနှီးခဲ့သူ ဝင်းကျော်(ခ)ဝင်းမောင်(စိစစ်ဆဲ)ထံမှ SIGSAUGER 9mm ပစ္စတို သေနတ်(၁)လက်၊ ကျည်အိမ်အပို(၁)ခုနှင့် ကျည် ၅၅ တောင့်တို့အား ငွေကျပ် ၃၈ သိန်းဖြင့် လည်းကောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် SUR-2004-9mm-PAK ပစ္စတိုသေနတ် (၁)လက်၊ ၎င်းကျည် ၅၀ တောင့်တို့ အား ငွေကျပ်သိန်း ၃၀ ဖြင့် လည်းကောင်း ဝယ်ယူခဲ့ပြီး လုယက်မှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

လုယက်မှု ကျူးလွန်သူများသည် ဘဏ်များအား လုယက်ရာမှ ရရှိခဲ့သည့်ငွေများအား ၎င်းတို့ လှုပ်ရှားသွားလာရာတွင် အသုံးပြုသည့် ယာဉ်များ ဝယ်ယူခြင်းနှင့် ငှားရမ်းခြင်း၊ တိုက်ခန်းငှားရမ်းခြင်း၊ လက်နက်ခဲယမ်းများ ဝယ်ယူခြင်း၊ ရန်ကုန်မြို့အတွင်းရှိ ဆန္ဒပြသူများအား ငွေကြေးထောက်ပံ့ခြင်း၊ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာနှင့် အပျော်အပါးများအတွက် အသုံးပြုခြင်းတို့တွင် သုံးစွဲခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

အထက်ပါ လုယက်မှုဖြစ်စဉ်များတွင် ပြစ်မှုကျူးလွန်ခဲ့သူများနှင့် လုယက်မှု ကျူးလွန်ရာမှ ရရှိသည့် ငွေများအား လက်ခံသိမ်းဆည်း ထားပေးသူများဖြစ်သည့် နိုင်ဝင်းနှင့် ကလျာစုလှိုင်သန့်တို့(၂)ဦးအား လည်းကောင်း၊ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများနှင့် အတူ တိုက်ခန်းအတွင်း လက်ခံထားရှိသူ အောင်အောင်နှင့် ပြည့်ဖြိုးကျော်တို့(၂)ဦးအား လည်းကောင်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် လုယက်မှု ကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ဇော်မင်းနိုင်အား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။