ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်တွင် ဆူပူအကြမ်းဖက်သူ လူအုပ်စုများအား ခြောက်လှန့်ပစ်ခတ်လူစုခွဲ 

ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးမြို့နယ်တွင် ဆူပူအကြမ်းဖက်သူ လူအုပ်စုများအား ခြောက်လှန့်ပစ်ခတ်လူစုခွဲ 

နေပြည်တော်၊ မတ်လ ၁၃ 

နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးကို အလွန်အမင်း ထိခိုက်စေရန် ဆောင်ရွက်နေသူများ အနေဖြင့် မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက်မှုပုံစံသို့ ပြောင်းလဲကျင့်သုံးဆောင်ရွက်နေသည်ကို တွေ့ရှိရ ပါသည်။ 

၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက် နေ့လည်ပိုင်း ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တွံ့တေးမြို့၊ ရွှေဆံတော်ဘုရားလမ်း ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့သို့ ရောက်ရှိခဲ့ပါသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းနေရာသို့ ရောက်ရှိစဉ် လမ်းမကြီးပေါ်တွင် အတားအဆီးများအား အခိုင်အမာနီးပါး ပြုလုပ်၍ လမ်းအားပိတ်ဆို့ထားသည်ကို တွေ့ရှိရ၍ ဖယ်ရှားရှင်းလင်းနေစဉ် ကျွန်းတောရပ်ကွက်၊ ကျွန်းတော (၁)လမ်းထိပ်မှ ဆူပူသူလူစုလူဝေးများက လေးခွ၊ ဂျင်ကလိများဖြင့် အကြမ်းဖက်ရန်ပြု ပစ်ခတ်ခဲ့ကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိုသို့အကြမ်းဖက်ရန်ပြုဆောင်ရွက်လာမှုကြောင့် အဓိကရုဏ်း နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်အညီ ပစ်ခတ်လူစုခွဲခဲ့ရာ ညနေပိုင်း ၃ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် လူစုကွဲသွားခဲ့ပြီး ပတ်ဝန်းကျင်အား ရှင်းလင်းစဉ် အသင့်ပြုလုပ်ထားရှိသော ဓာတ်ဆီပုလင်းများနှင့် “စစ်အစိုးရမှ ခန့်အပ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အလိုမရှိ” စာသားပါ ဆိုင်းဘုတ်များအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။ 

၎င်းဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူ လူအုပ်စုအတွင်းမှ အမျိုးသား (၂) ဦး(စိစစ်ဆဲ)မှာ ထိခိုက် ဒဏ်ရာရရှိ သေဆုံးခဲ့ပြီး အမျိုးသား(၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရကာ ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသနိုင်ရေးနှင့် သေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းရေးဖွင့် နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။