ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်နှင့် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်ရှိ “မြမေတ္တာမွန်” စက်သုံးဆီ အရောင်းဆိုင်တို့အား အကြမ်းဖက် သမားများက သေနတ်ပစ်ဖောက် ခြိမ်းခြောက် လုယက်၍ မီးရှို့ဖျက်ဆီး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ DENKO စက်သုံးဆီအရောင်းဆိုင်နှင့် လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်ရှိ “မြမေတ္တာမွန်” စက်သုံးဆီ အရောင်းဆိုင်တို့အား အကြမ်းဖက် သမားများက သေနတ်ပစ်ဖောက် ခြိမ်းခြောက် လုယက်၍ မီးရှို့ဖျက်ဆီး

 
နေပြည်တော်၊ မတ် ၂၆

 
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ DENKO စက်သုံးဆီ အရောင်း ဆိုင်သို့ အကြမ်းဖက်သမား ၆ ဦးက မော်တော်ယာဉ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ဆီရောင်းချငွေ ငွေကျပ်သိန်း ၆၀ အား လုယက်ယူဆောင်၍ ဆီပန့်များအား လက်ပစ်ဗုံးဖြင့်ဖောက်ခွဲကာ မီးတုတ်များဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၅ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၂၇)ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် DENKO စက်သုံးဆီ အရောင်း ဆိုင်အတွင်းသို့ Probox အမျိုးအစားမော်တော်ယာဉ် အဖြူရောင်တစ်စီးရောက်ရှိလာပြီး အဆိုပါ ယာဉ်ပေါ်မှ အကြမ်းဖက်သမား ၆ ဦးက သေနတ်၊ ဓားများကိုင်ဆောင်၍ ဆီဆိုင်အတွင်းရှိ ဝန်ထမ်း များနှင့် ဆီဖြည့်ရန်လာရောက်သူများအား သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ကောင်တာအား ကာရံထားသည့် မှန်များအား ရိုက်ခွဲခဲ့ကြောင်း၊ ထို့နောက် ကောင်တာအတွင်းထားရှိသည့် ဆီရောင်းချထားသည့် ငွေကျပ် သိန်း ၆၀ ခန့်ကို လုယက်ယူဆောင်၍ ဆီပန့်များအနီးသို့ လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲကာ ဆီပန့်အား ၎င်းတို့ထံတွင် အသင့်ယူဆောင်လာသည့် မီးတုတ် ၂ ချောင်းဖြင့် မီးရှို့ဖျက်ဆီး၍ Probox မော်တော်ယာဉ်ဖြင့်ပင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်သမားများ ထွက်ခွာသွားပြီးနောက် ဆိုင်ဝန်ထမ်းများသည် မီးလောင်လျက် ရှိသည့် ဆီပန့် ၂ ခုအား မီးသတ်ဆေးဘူးများဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြောင်း၊ အကြမ်းဖက် သမားများ၏ ဖျက်ဆီးခဲ့မှုကြောင့် ဆီပန့် ၂ခု မီးလောင်ပျက်စီးကာ ငွေသိမ်းကောင်တာတွင် ကာရံထားသည့် မှန်များကွဲအက်ပျက်ဆီးခဲ့ကြောင်းနှင့် ဖြစ်စဉ်နေရာမှ အကြမ်းဖက်သမားများ မီးရှို့ရာတွင် အသုံးပြုခဲ့သည့် သစ်သားမီးတုတ် ၂ ချောင်းနှင့် လက်ပစ်ဗုံး လီဗာတံ တစ်ခု၊ 9 MM ကျည်ခွံ ၄ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်ရှိ “မြမေတ္တာမွန်” စက်သုံးဆီ အရောင်းဆိုင်သို့ ယနေ့နံနက် ၅ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက်သမား အမျိုးသား ၃ ဦးတို့ ဝင်ရောက်လာပြီး ဝန်ထမ်းများဖြစ်သည့် ဦးစောလွင်ဦး (၄၀)နှစ် (ဘ)ဦးကျော်ငြိမ်း၊ ဦးစိုးမိုးနိုင်(၃၇)နှစ် (ဘ)ဦးမိုးညိုနှင့် ဦးအေးကြိုင် (၃၅)နှစ်(ဘ) ဦးကျော်အေး တို့ ၃ ဦးအား နှိုးကာ ဆိုင်အတွင်း သေနတ်တစ်ချက် ပစ်ဖောက်၍ ဆီပန့် ၃ ခုအား ဓါတ်ဆီဖျန်းမီးရှို့ခဲ့ကြောင်း၊ ငွေသိမ်း ကောင်တာ ၃ ခုအနက် ဆိုင်အလယ်ရှိ ငွေသိမ်းကောင်တာအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားကြောင်း၊ ဆီပန့် ၃ ခု၌ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဦးစောလွင်ဦးတို့ ၃ ဦးနှင့် အနီးပတ်ဝန်းကျင်မှပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် ဆိုင်ဝန်ထမ်း ၃ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆီပန့် ၃ ခုနှင့် ငွေသိမ်း ကောင်တာအတွင်းရှိ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းခန့်မှန်းတန်ဖိုးကျပ်သိန်း ၅၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် ခြောက်လုံးပြူး သေနတ်တစ်လက်၊ ၎င်းကျည် ၄ တောင့်နှင့် ကျည်ခွံတစ်ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များမှ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။