ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြစ်မဲ့ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် တရားခံအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇူလိုင်- ၈
    
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေလိုသူ အကြမ်း  ဖက် အဖွဲ့များအနေဖြင့် လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှား လျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင် တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှု မရှိဘဲ လုပ်ဆောင်လျက် ရှိသည်။
    
ထိုသို့ လုပ်ဆောင်လျက်ရှိမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ နေ့လယ် ပိုင်းတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အပြစ်မဲ့ပြည်သူ ၁ ဦးအား အကြမ်းဖက် အဖွဲ့ဝင် ၂ ဦးမှ ပစ္စတိုဖြင့် ပစ်ခတ်ခဲ့သဖြင့် လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေး အဖွဲ့မှ လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့ရာ ပြည်သူ ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး  ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ  တရားခံ အောင်မျိုးမင်းအား ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည် ၈ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ သန့်ဇင်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ သည်။
    
တရားခံ အောင်မျိုးမင်း၏ ထွက်ဆိုချက်အရ လုံခြုံရေးအဖွဲ့ဖြင့် သာကေတ မြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ အနော်မာ(၁၈)လမ်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ကျော်ထက်အောင်(၁၉)နှစ်၊ အောင်ကျော်မျိုး(၂၉)နှစ်၊ ဇော်မိုးအောင်(၅၂)နှစ်၊ စန်းစန်းမော် (၅၂)နှစ်၊ သန်းသန်းထွေး(၅၀)နှစ် တို့အား   လက်လုပ်ဂက်စ်သေနတ် ၃ လက်၊ သစ်သား ဒူးလေး ၂ လက်၊ အခြားခုခံပစ္စည်းများနှင့်အတူ  ဖမ်းဆီးရမိခဲ့ကြောင်းနှင့် သာကေတ မြို့နယ်နှင့် ဒေါပုံမြို့နယ်များအတွင်း ဆူပူအကြမ်းဖက်မှု၊ အဖျက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဒလန်/ သတင်းပေးဆိုသူများအား လုပ်ကြံသတ်ဖြတ်ရန်အတွက် သောကြာ ဦးဆောင်သော အဖွဲ့အား NUG အဖွဲ့မှ လက်နက်များ ထောက်ပံ့ပေးထား ကြောင်း သိရှိရသည်။ သောကြာ ဆိုသူမှ ဒလန်/ သတင်းပေးဆိုသူများအား လုပ်ကြံ သတ်ဖြတ်နိုင်ပါက ငွေကျပ် ၂ သိန်းပေးမည်ဟု ပြောဆိုခဲ့သောကြောင့် ဖမ်းဆီးရမိ တရားခံ အောင်မျိုးမင်းမှာ ငွေကြေးရယူလိုမှုအတွက် သောကြာထံမှ လက်နက်ရယူ ကာ ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
    
ထိုသို့ လုပ်ကြံသတ်ဖြတ်ရန်အတွက် ဖမ်းဆီးရမိတရားခံ အောင်မျိုးမင်းသည် ဇွဲညီ၊ သန့်ဇင်နှင့်အတူ ကား ၁ စီးဖြင့် လည်းကောင်း၊ Roman နှင့် ဆက်ပိုင်တို့သည် အခြားကား ၁ စီးဖြင့် လည်းကောင်း၊ အာကာလေးသည် ဆိုင်ကယ်ဖြင့် လည်းကောင်း လာရောက်ခဲ့ခြင်းဖြစ်ပြီး စံပယ်လမ်းထိပ်နှင့် ၈၄ ကားဂိတ်ထိပ်တွင် ကား ၂ စီးမှ အသင့် စောင့်ဆိုင်းနေခဲ့ပြီး ဖမ်းဆီးရမိတရားခံ အောင်မျိုးမင်းနှင့် သန့်ဇင်မှာ ဆိုင်ကယ်ဖြင့် လာရောက်လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများ ဖြစ်သော သန့်ဇင်၊ Roman၊ ဆက်ပိုင်၊ ဇွဲညီနှင့် အာကာလေးတို့မှာ ထွက်ပြေး လွတ်မြောက်ဆဲ ဖြစ်ကြောင်း သိရှိရသည်။
    
သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် တရားခံအား ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်းနှင့် ဆက်စပ်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။