ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ဆူပူအကြမ်းဖက်သူလူအုပ်စုမှ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦး အားဖမ်းဆီး၍ နယ်မြေမီးသတ်စခန်းအားဖျက်ဆီး

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၌ ဆူပူအကြမ်းဖက်သူလူအုပ်စုမှ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦး အားဖမ်းဆီး၍ နယ်မြေမီးသတ်စခန်းအားဖျက်ဆီး

နေပြည်တော်၊ မတ်လ ၁၆    
    
၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မရမ်းကုန်းမြိုနယ်၊ (၂)ရပ်ကွက်ရှိ သမိုင်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးသည် တိုင်းမီးသတ်ဦးစီးရုံးတွင် တာဝန်ထမ်းဆောင်ရန်အတွက် မီးသတ်ယာဉ် ဏ/၅၈၂၈ ဖြင့် အင်းစိန်လမ်းမကြီးအတိုင်း ထွက်ခွာခဲ့ရာ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအရောက်၌ ဆူပူဆန္ဒပြသူ လူစုလူဝေးအင်အား ၂၀၀ ဦး ခန့်မှ မီးသတ်ယာဉ်အား တားဆီးကာ ကားသော့၊ ကင်မရာ၊ စကားပြောစက်တို့အား ယူဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးတို့အား ကြိုးဖြင့်ချည်နှောင်ကာ ဖမ်းဆီးချုပ်နှောင်ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
    
အဆိုပါသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခံထားရသူ များအားပြန်လည်ရရှိနိုင်ရေး ဖြန့်ခွဲ၍လိုက်လံရှာဖွေခဲ့ရာ ည ၁၀ နာရီခွဲအချိန်တွင် မရမ်းကုန်း မြို့နယ်၊ အထက်ဗဟိုလမ်း၊ "စွယ်စုံ"ချေးငွေလုပ်ငန်း ဆိုင်ရှေ့အရောက်၌ မီးသတ်ယာဉ်အား လည်းကောင်း၊ ပေါ်တော်မူဘုရားအနီးအရောက်၌ ဖမ်းဆီးခံထားရသည့် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအား လည်းကောင်း ပြန်လည်တွေ့ရှိခဲ့သည်။
    
ဆက်လက်၍ ကျန်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးအား ဆူပူဆန္ဒပြသူများမှ ခေါ်ဆောင် သွားကြောင်း သိရှိရသဖြင့် ထပ်မံရှာဖွေရန် ထွက်ခွာလာစဉ် ပေါ်တော်မူ (၂)လမ်းအရောက်၌ ဝေလင်းစိုး၊ (၃၄) နှစ် (ဘ)ဦးကြည်စိုး၊ (၂)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်နေသူပါ ဆူပူအကြမ်းဖက်သူ ၄ ဦးမှ ဓါး၊ လေးခွ၊ သံတုတ်နှင့် ဒိုင်းများ အသုံးပြု၍ ရန်ပြုတိုက်ခိုက်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထိန်းသိမ်းခဲ့ရသည်။
    
ည ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် ကျန်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးမှာ ဆူပူအကြမ်းဖက် သူများ၏ အကြမ်းဖက်ဖမ်းဆီးရိုက်နှက်မှုကြောင့် အပေါ်သွား ၃ ချောင်းကျိုး၊ မျက်နှာဖူးယောင် ဒဏ်ရာများဖြင့် သမိုင်းမီးသတ်စခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ 
    
ဖြစ်စဉ်တွင် ဆူပူအကြမ်းဖက်သူများ၏ ဖျက်ဆီးမှုကြောင့် သမိုင်းမီးသတ်စခန်း အဆောက်အဦ ရှေ့မှန် ၃ ချပ်ကွဲအက်၍ မီးသတ်ယာဉ် ရှေ့လေကာမှန်ကွဲ၊ ရှေ့ဘန်ပါ ပိန်ချိုင့်ပျက်ဆီးခဲ့ပြီး ဖမ်းဆီးရမိသည့် ဆူပူအကြမ်းဖက်သူ ဝေလင်းစိုး (၃၄)နှစ် (ဘ) ဦးကြင်စိုး၊ စောနိုင် (၄၃)နှစ် (ဘ) ဦးမိုးစိန်၊ မျိုးကိုကို (၂၈)နှစ် (ဘ) ဦးမျိုးဝင်း၊ အောင်ထက် (၃၀)နှစ် (ဘ) ဦးအောင်လင်းတို့ ၄ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
    
လက်ရှိအချိန်ကာလသည် ပူပြင်းခြောက်သွေ့သော အချိန်ကာလဖြစ်ပြီး ဆူပူအကြမ်းဖက်သူ များအနေဖြင့် မီးလောင်စေရန်ဖန်တီးခြင်း၊ မီးလောင်ပါက မီးသတ်ယာဉ်များ သွားလာ၍မရအောင် ပိတ်ဆို့တားဆီးခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်တို့အား အကြမ်းဖက်ဖမ်းဆီးခြင်းနှင့် ဖျက်ဆီးခြင်းတို့အား ပြုလုပ်ခြင်း၊ လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံများ မီးလောင်မှုဖြစ်စဉ်တွင် အကြမ်းဖက်သမားများမှ စက်ရုံ/အလုပ်ရုံများတွင် ပစ္စည်းများဝင်ရောက်လုယက်ခြင်း စသည်ဖြင့် မင်းမဲ့စရိုက်ဆန်ဆန်အကြမ်းဖက်လုပ်ငန်းများကို ပြုလုပ်နေကြသည်ကို တွေ့မြင်ရသဖြင့် လုံခြုံအေး ချမ်းစွာ နေထိုင်လုပ်ကိုင်လိုသူများ၏ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ရပ်ရွာအေးချမ်းသာယာရေး အတွက် လုံခြုံရေးလုပ်ငန်းများကို နေ့ညမပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိဘ ပြည်သူများအနေဖြင့် မိမိတို့နေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်များအတွင်း အဖျက်အမှောင့်လုပ်ရပ် ပြုလုပ် နေမှုများမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း သတင်း ရရှိသည်။