ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ပေးသူ တစ်ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုရှောင်တိမ်းရန် တိုက်(၂)လွှာမှ ခုန်ချထွက်ပြေးစဉ် ထိခိုက်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ပေးသူ တစ်ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုရှောင်တိမ်းရန် တိုက်(၂)လွှာမှ ခုန်ချထွက်ပြေးစဉ် ထိခိုက်သေဆုံး

နေပြည်တော်၊ သြဂုတ် ၂၀ 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ပေးသူ တစ်ဦး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုရှောင်တိမ်းရန် တိုက်(၂)လွှာမှ ခုန်ချထွက်ပြေးစဉ် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေပြည်သာမြို့မရဲစခန်းတွင် ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် နေလင်းထွန်း၏ ဝန်ခံထွက်ဆိုချက်အရ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေး ပစ္စည်းများအား အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အထက်မင်္ဂလာလမ်း၊ အမှတ်(၁၆၃)နေ လင်းလင်းထွန်း(ခ) ဘိုဖြူ (၂၀)နှစ်၊ (ဘ) ဦးထွေးအောင်မှ ပြုလုပ်ပေးခြင်း ဖြစ်ပြီး လင်းလင်းထွန်းမှာ ရွှေပြည်သာမြို့နယ်၊ အမှတ်(ဒ/၁၇)ရပ်ကွက်၊ ဓမ္မသုခ(၆)လမ်းရှိ “တော်ဝင်ပိတောက်”အဆောင်တွင် တိမ်းရှောင်ပုန်းအောင်း နေထိုင် ကြောင်း   သိရှိခဲ့ရသည်။

ထိုကဲ့သို့ သိရှိရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် “တော်ဝင်ပိတောက်” အဆောင်သို့ သွားရောက်ရှာဖွေခဲ့ရာ လင်းလင်းထွန်းမှာ အဆောင်၏(၂)လွှာ၊ ညာဘက်အခန်း၌ နေထိုင်ကြောင်း သိရှိရသဖြင့် အဆိုပါ အခန်းအတွင်းဝင်ရောက်စဉ် လင်းလင်းထွန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းမခံဘဲ အခန်း၏အနောက်ဘက်သို့ ပြေးထွက်သွားပြီး ပြတင်းတံခါးမှ ခုန်ချခဲ့ရာ အဆောင်အောက်ရှိ ကွန်ကရစ်ပေါ်သို့ ပက်လက်ပြုတ်ကျခဲ့သဖြင့် ဦးခေါင်း၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများထွက်ကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လင်းလင်းထွန်းနေထိုင်ခဲ့သည့် အခန်းအတွင်း ရှာဖွေခဲ့ရာ ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ခြင်းမရှိဘဲ ၎င်းနှင့်အတူနေသည့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းအား ရှောင်တိမ်းရန် တိုက်ပေါ်မှ ခုန်ချစဉ် သေဆုံးခဲ့သည့် လင်းလင်းထွန်း၏ ရုပ်အလောင်းအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ပြီး ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။