ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း အများပြည်သူ အသုံးပြုသည့် လမ်းမကြီးများအား အတားအဆီးများဖြင့် လမ်းပိတ်ဆို့ကာ ထိုင်သပိတ်ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း အများပြည်သူ အသုံးပြုသည့် လမ်းမကြီးများအား အတားအဆီးများဖြင့် လမ်းပိတ်ဆို့ကာ ထိုင်သပိတ်ပြုလုပ်

နေပြည်တော်၊ မတ်လ ၁၃

ဆူပူဆန္ဒပြသူလူစုလူဝေးများအနေဖြင့် အများပြည်သူအသုံးပြုသည့် လမ်းမကြီးများတွင် ဝါးကပ်များ၊ သစ်မြစ်ဆုံများ၊ ကားတာယာများအား အသုံးပြုကာ အတားအဆီးများအခိုင်အမာပြုလုပ်၍  ထိုသပိတ် ပြုလုပ်ဆောင်ရွက်နေကြောင်း နေရာဒေသအချို့တွင် တွေ့ရှိရပါသည်။

 ရန်ကုန်-ညောင်တုန်းသွားကားလမ်းမရှိ အောင်ဇေယျတံတားအဆင်း (၁)ထိပ်မှတ်တိုင်တွင် အင်းစိန်မြို့နယ်ဘက်သို့ သွားလာနိုင်မှုမရှိအောင် အတားအဆီးနေရာ (၄)နေရာ ပြုလုပ်ပြီး မင်းမင်း(ဘ) စိစစ်ဆဲ၊ (၁၆)ရပ်ကွက်၊ လှိုင်သာယာအနောက်ပိုင်းနေသူ ဦးဆောင်၍ နံနက် ၁၀နာရီအချိန်ခန့်တွင် အင်အား (၁၀၀)ဦးခန့်ဖြင့်လည်းကောင်း၊ နေ့လည် ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အင်အား (၂၅၀)ဦး ခန့်လည်းကောင်း ထိုင်သပိတ်များပြုလုပ်ခဲ့ရာ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အောင်ဇေယျ တံတားအဆင်းနှင့် (၃)ထိပ်လမ်းဆုံရှိ အင်အား (၅၀၀)ဦးခန့်သည် လူစုကွဲသွားခဲ့ပါသည်။

ရန်ကုန်-ညောင်တုန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းဆုံနေရာတွင် သားဇော်(ခ)ခင်မောင်ဇော်၊ (ဘ) ဦးသိန်းအောင်၊ လှိုင်သာယာအရှေ့ပိုင်းဦးဆောင်သည့် အင်အား(၁၀၀)ဦးခန့်ဖြင့် အတားအဆီးများ ချထားပိတ်ဆို့နေပြီး နေ့လည် ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အမှတ်(၇)ရပ်ကွက်ဘက်ခြမ်းတွင် အင်အား (၂၀၀) ဦးခန့်၊ အမှတ်(၈)ရပ်ကွက်ဘက်ခြမ်းတွင် အင်အား(၂၀၀)ဦးခန့်ဖြင့် ထိုင်သပိတ်များ ပြုလုပ်ခဲ့ရာ ညနေ ၃ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် အင်အား (၄၀၀)ဦးခန့် လူစုကွဲသွားခဲ့ပါသည်။

ရန်ကုန်-ညောင်တုန်းလမ်းနှင့် ဦးပုညလမ်းဆုံနေရာတွင် ဦးကေသရ၊ ညောင်တစ်ပင်ကျောင်း၊ (၂၁)ရပ်ကွက်၊ လှိုင်သာယာအနောက်ပိုင်း ဦးဆောင်သည့် အင်အား(၁၀၀)ဦးဖြင့် လမ်းပိတ်ဆို့ကာ ထိုင်သပိတ်ပြုလုပ်ခဲ့ပြီး ညနေ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် လူစုကွဲသွားခဲ့ပါသည်။

လှိုင်သာယာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ကျန်စစ်သားလမ်း၊ ဈေးလေးမှတ်တိုင်တွင် ခေါင်းဆောင် (စိစစ်ဆဲ) ဦးဆောင်ပြီး အင်အား(၁၀၀)ဦးခန့်သည် လမ်းပိတ်ဆို့၍ ထိုင်သပိတ်ပြုလုပ်ခဲ့ရာ  ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပါသည်။

ဆူပူဆန္ဒပြသူလူအုပ်စုများအနေဖြင့် ပြည်သူလူထုသွားလာမှု ခက်ခဲအောင် လမ်းကြောင်းပိတ်ဆို့ခြင်းများ ဆောင်ရွက်မှုအတွက် အများပြည်သူလူထုအနေဖြင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံခြင်းများဖြစ်ပေါ်ကာ အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်နေမှုအား ကန့်ကွတ်ရှုံ့ချပြီး ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆောင်ရွက်ပေးစေလိုသည့် သဘောများရှိလာကြကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။