ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်အတွင်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူအချို့အား အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခဲ့မှု ဖြစ်စဉ်များမှ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိ

 
နေပြည်တော်၊ ဇွန် ၂၉

 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုင်းလင်းဇော်အား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင်လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းအား ၂၀၂၁ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှဦး အား ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင်လည်းကောင်း အကြမ်းဖက်သူများက ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခဲ့ကြကြောင်းနှင့် လုပ်ကြံသတ်ဖြတ်ခဲ့သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာနေ့ရက်အသီးသီးတွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

 
အဆိုပါ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေ အသီးသီးတွင် သတင်းစုံစမ်းချိတ်ဆက်ဖော်ထုတ်ခြင်း၊ နယ်မြေများအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေ ဖော်ထုတ်ခြင်းများနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်းကူညီမှုတို့ဖြင့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအား တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ခဲ့ကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးစိုင်းလင်းဇော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူ ကျော်သီဟ(ခ)သားသား (၃၈)နှစ် (ဘ)ဦးမြင့်လှိုင်နှင့် ချစ်ကိုကို(ခ)အောင်ပုထူး(၂၉)နှစ် (ဘ)ဦးအောင်သိန်းဝင်း၊ အမှတ်(၁၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သူ သန်းဝင်း(ခ)ကိုမူ(၃၉)နှစ် (ဘ)ဦးတင်၊ အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းအား လုပ်ကြံသတ်ဖြတ်ခဲ့သူ စိုးသူ(ခ)နိုင်လင်း(ခ) အောင်ဇေယျ(ခ)အာကြီး(၃၁)နှစ် (ဘ)ဦးတင်ဦးတို့အား ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း အသီးသီး ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။

 
ဖော်ထုတ်ဖမ်းဆီးရမိသူများအပေါ် စစ်ဆေးချက်များအရ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးစိုင်းလင်းဇော်အား ဇွန်လ ၁ ရက်နေ့တွင် ကျော်သီဟ (ခ)သားသားက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပစ္စတိုသေနတ်နှင့် ကျည် ၇ တောင့်အား ပူးပေါင်းပါဝင်ပတ်သက်သူ ပြောင်ကြီး(ခ)ကျောင်းသား(စိစစ်ဆဲ)နှင့် ချစ်ကိုကို(ခ) အောင်ပုထူး(၂၉)နှစ် (ဘ)ဦးအောင်သိန်းဝင်းတို့ထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ကြံသတ်ဖြတ်ရန် အတွက် ငွေသိန်း(၂၀)ကျပ်အား ၎င်းထံ ပေးအပ်ခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်သည့်နေ့တွင် ပြောင်ကြီး(ခ)ကျောင်းသားမှ လာရောက်ခေါ်ဆောင်ခဲ့ပြီး ပစ်ခတ်ရမည့်နေရာအား ရွေးချယ် ပြသခဲ့ကာ ဦးစိုင်းလင်းဇော်ကားဖြင့် ထွက်လာစဉ် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ သည်။

 
အလားတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှဦးအား ဇွန်လ ၁၆ ရက်နေ့တွင် သန်းဝင်း(ခ)ကိုမူက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ ခြင်းဖြစ်ပြီး အဆိုပါပစ္စတိုသေနတ်နှင့် ကျည် ၁၅ တောင့်အား ပူးပေါင်းပါဝင်ပတ်သက်သူ ရန်ပိုင်စိုး (ခ)သရက်သီး(စိစစ်ဆဲ)ထံမှရရှိခဲ့ကြောင်း၊ လုပ်ကြံသတ်ဖြတ်နိုင်ရန်အတွက် ရန်ပိုင်စိုး(ခ)သရက်သီးမှ အချက်အလက်များ ကြိုတင်စုံစမ်းပေးထားခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ပုံမှန်သွားလာသည့်အချိန် များအား အနီးကပ်လေ့လာကြည့်ရှုခဲ့ကြောင်း၊ သတ်ဖြတ်သည့်နေ့တွင် ငယ်ငယ်(စိစစ်ဆဲ)နှင့်အတူ ဆိုင်ကယ်ဖြင့် နောက်ယောင်ခံလိုက်၍ အနီးကပ်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထွက်ဆိုခဲ့သည်။

 
အလားတူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းအား မေလ ၉ ရက်နေ့တွင် စိုးသူ(ခ)နိုင်လင်း(ခ)အောင်ဇေယျ(ခ)အာကြီးနှင့် ဖြိုးလေး (စိစစ်ဆဲ)၊ မျိုးလေး(စိစစ်ဆဲ)နှင့် ငယ်ငယ်(စိစစ်ဆဲ)တို့က အသင့်ယူဆောင်လာကြသော ဓားဦးချွန် နှင့် စကေဘာတို့ဖြင့် ရိုက်နှက်ထိုးခုတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ကြံသတ်ဖြတ်မည့်နေ့ မတိုင်မီ မေလ ၈ ရက်နေ့တွင် ဖမ်းဆီးရမိသူ စိုးသူ(ခ)အာကြီးနှင့် ပူးပေါင်းပါဝင်ပတ်သက်သူ ၄ ဦး သည် အုပ်ချုပ်ရေးမှူး၏ လှုပ်ရှားမှုများအား စောင့်ကြည့်ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

 
အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များတွင် ဖမ်းဆီးရမိထားသည့် တရားခံများဖြစ်သည့် ကျော်သီဟ(ခ)သားသား၊ ချစ်ကိုကို(ခ)အောင်ပုထူး၊ သန်းဝင်း(ခ)ကိုမူနှင့် စိုးသူ(ခ)နိုင်လင်း(ခ)အောင်ဇေယျ(ခ)အာကြီးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ပူးပေါင်းပါဝင်ပတ်သက်ခဲ့သူများဖြစ်သည့် ပြောင်ကြီး(ခ)ကျောင်းသား၊ သရက်သီး(ခ)ရန်ပိုင်စိုး၊ ငယ်ငယ်နှင့် ဖြိုးလေးပါ ၃ ဦးတို့အား ဖမ်းဆီး ရမိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။