ရန်ကုန်မြို့ရှိ နား နှာခေါင်း လည်ချောင်း ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး၌ တစ်ရက်လျှင် လူနာဦးရေ ၅ဝ ကို တိုကင်စနစ်ဖြင့် ကုသပေးနေ

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း  ရန်ကုန်မြို့ရှိ  နား၊ နှာခေါင်း၊  လည်ချောင်း၊  ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီး၌ လူနာဦးရေ ၅ဝ ကို တိုကင်စနစ်ဖြင့် ကုသပေးနေကြောင်း   အဆိုပါဆေးရုံမှ   ဆေးရုံအုပ်ကြီး ဒေါက်တာစန်းမြင့်၏ ပြောပြချက်အရ သိရသည်။

''အရင်တုန်းက တစ်ရက်ကို ပြင်ပလူနာဦးရေ ၃ဝဝ ကျော် ၄ဝဝ လောက် ကုသပေးပါတယ်။ အခုကတော့ COVID-19 ရောဂါအခြေအနေကြောင့် လူနာဦးရေ ၅ဝ ကို တိုကင်စနစ်နဲ့ ကုသပေးပါတယ်။ အရေးကြီးတဲ့ လူနာဆိုရင်တော့ ချက်ချင်း ခွဲစိတ်ကုသပေးပါတယ်''  ဟု  ဒေါက်တာ စန်းမြင့် ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက်မှုနှုန်း မြင့်တက်နေသည့် အတွက် တစ်ရက်လျှင် လူနာဦးရေ ၅ဝ သတ်မှတ်ကာ  တိုကင်စနစ်ဖြင့် နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကုသပေးကြောင်း၊ လူနာများအနေဖြင့် နံနက် ၇ နာရီတွင်  တိုကင်နံပါတ်ပြား စယူကာ  Social Distancing  နှင့်အညီ  လိုက်နာဆောင်ရွက်ရကြောင်း သိရသည်။

''ကျွန်မတို့ဆီမှာ Online က တိုကင်ယူတာတော့ မရှိဘူး။ တချို့တွေကျတော့ Onlineအသုံးမပြုတတ်တဲ့ သူတွေလည်း ရှိတယ်။ အနယ်နယ် အရပ်ရပ်က လာတဲ့လူနာများတော့ နံနက် ၇ နာရီဆို လာပြီး တိုကင်ပေးကြတယ်။ ပေးပြီးရင် တစ်ခါတည်း ကုသမှုပေးပါတယ်'' ဟု ဒေါက်တာစန်းမြင့် ကပြောသည်။

ခွဲစိတ်ကုသခြင်းကို တနင်္လာနေ့မှ သောကြာနေ့အထိ ဆောင်ရွက်ပေးပြီး အရေးပေါ် လူနာများကို PPE  ဝတ်စုံအပြည့်ဖြင့် နေ့စဉ် ခွဲစိတ်ကုသမှုပေးကာ ဆေးများ  အခမဲ့ထောက်ပံ့ပေးကြောင်း သိရသည်။