ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေးသို့ တစ်ရက်လျှင် ရေထွက်ကုန် ငါးပုစွန်ပိဿာချိန် သုံးသိန်းခန့် ဝင်ရောက်လျက်ရှိ

ရန်ကုန်မြို့ရှိ ရွှေပိတောက်ငါးဈေးသို့ တစ်ရက်လျှင် ရေထွက်ကုန် ငါးပုစွန်ပိဿာချိန် သုံးသိန်းခန့် ဝင်ရောက်လျက် ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကြီးငွေ၏ ပြောပြချက်အရ သိရသည်။

''ရွှေပိတောက်ငါးဈေးကို ရေထွက်ကုန်အဝင်က အရင်ကထက် သုံးပုံတစ်ပုံလောက်ပဲ အဝင်ရှိတယ်။ အရင်က ပိဿာကိုးသိန်းလောက် အဝင်ရှိတယ်။ မေ၊ ဇွန်၊ ဇူလိုင်လတွေက ငါးမဖမ်းရရာသီဆိုတော့ ပင်လယ်ငါးက  အဝင်မရှိသလောက် ဖြစ်သွားနိုင်တယ်''ဟု ဦးကြီးငွေက ပြောသည်။

ရွှေပိတောက်ငါးဈေးသို့ ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ငါးပုစွန်များ တင်ပို့လျက်ရှိရာ   ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ  ငါးပုစွန်အဝင်များပြီး   ပဲခူးတိုင်းဒေသကြီးမှ    ငါးပုစွန်အဝင်နည်းကြောင်း သိရသည်။

''အဓိကက ရွှေပိတောက်ငါးဈေးကို ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်း ဒေသကြီးက ငါးပုစွန်အဝင်များတယ်။ ရန်ကုန်တိုင်း ဒေသကြီးက တွံတေး၊ ခရမ်း၊တိုက်ကြီးတို့က ငါးပုစွန်တွေဝင်တယ်။ အခုအင်းရာသီ ကုန်သွားပြီဆိုတော့ ရေချိုအင်းတွေက ငါးပုစွန်တွေ အဝင်နည်းသွားပြီ။ အခုဝင်တဲ့ ရေထွက်ကုန်တွေက မွေးမြူရေးကန်တွေက ငါးပုစွန်တွေပဲပါတယ်။ အရင်တုန်းက အင်းရေကိုထုတ်ပြီး ငါးအကုန်ဖမ်းပေမယ့် အခု အဲဒီလိုမဟုတ်တော့ဘူး။ မျိုးချန်ပြီးမှဖမ်းကြတယ်''ဟု ဦးကြီးငွေကပြောသည်။

လက်ရှိ မြန်မာ့ပင်လယ်ပြင်၌ ငါးမဖမ်းရ ရာသီဖြစ်သည့်အပြင်    အင်းအိုင်များမှ ငါးဖမ်းချိန် မဟုတ်သည့်အတွက် မွေးမြူရေးကန်များမှ ငါးများသာ   ရွှေပိတောက် ငါးဈေးသို့   တင်ပို့နေခြင်းဖြစ်ကြောင်း    သိရသည်။