ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ပြုလုပ်

ရန်ကုန်  ဖေဖော်ဝါရီ   ၁၂

၂ဝ၂၁ ခုနှစ် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ ပြည်သူ့ရင်ပြင်၌ ပြုလုပ်သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  ဦးလှစိုးသည် စစ်ရေးပြတပ်ခွဲ၊   အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုကြသည်။

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ၂ဝ၂၁ ခုနှစ် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့   ပေးပို့သော သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   ဦးလှစိုးက ဖတ်ကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။