ရန်ကုန်မြို့ ဗဟိုစံပြငါးဈေးကြီးနှင့် ရွှေပိတောက်ငါးဈေးတို့၌ မိုးဦးကျကာလ ရေချိုရေထွက် ကုန်မျိုးစုံဈေးကွက် ပိုမိုနေရာယူလာ

ရန်ကုန်မြို့ရှိ   ဗဟိုစံပြ ငါးဈေးကြီးနှင့် ရွှေပိတောက်ငါးဈေးတို့၌  မိုးဦးကျ ကာလ ရေချိုရေထွက်ကုန်မျိုးစုံ ဈေးကွက် ပိုမိုနေရာယူလာကြောင်း    မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ   တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါငါးဈေးများသို့ မွေးမြူရေးကန်များနှင့် မြစ်ချောင်း၊ အင်းအိုင်တို့မှ ရေထွက် ကုန်များ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ယခု မိုးရာသီတွင် ပင်လယ်ပြင် ငါးဖမ်းရာသီရပ်နားသည့်အတွက် ရေချိုရေထွက်ကုန် မျိုးစုံဈေးကွက်ပိုမို နေရာယူလာခြင်းဖြစ်သည်။

''ရွှေပိတောက်ငါးဈေးကို ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ပဲခူး တိုင်းဒေသကြီးတို့က   ငါးတွေဝင်တယ်။ အခုက ငါးမဖမ်းရ ရာသီဆိုတော့ ပင်လယ် ငါးမဝင်ဘူး။ ရေချိုမွေးမြူရေးငါးတွေပဲ ဝင်တယ်''ဟု ၎င်းကပြောသည်။

လက်ရှိတွင် COVID-19 ရောဂါအခြေအနေကြောင့် ဗဟိုစံပြငါးဈေးကြီးနှင့် ရွှေပိတောက်ငါးဈေးတို့၌ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ    ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။