ရန်ကုန်မှနေရပ်ပြန်ရန် အခက်အခဲရှိသော မြိတ်ဒေသခံပြည်သူ ၁၁၆ ဦးကို ဒုတိယအကြိမ် ခေါ်ယူ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြပြီး နေရပ်ပြန်ရန် အခက်အခဲရှိနေကြသည့် မြိတ်ဒေသခံ ပြည်သူ  ၁၁၆ ဦးကို      ဒုတိယအကြိမ် ပြန်လည်ခေါ်ယူခဲ့ရာ  မြိတ်မြို့သို့ ဒီဇင်ဘာ ၂ဝ ရက် နံနက်ပိုင်းတွင် ရောက်ရှိကြောင်း သိရသည်။

ထိုသို့ဒုတိယအကြိမ် ခေါ်ယူလာသူများမှာ ရန်ကုန်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲတွေ့ပြီး ပိတ်မိနေကြသည့် မြိတ်မြို့နယ်မှ ၁ဝ၂ ဦး၊ ကျွန်းစုမြို့နယ်မှ ငါးဦးနှင့် တနင်္သာရီမြို့နယ်မှ ကိုးဦး စုစုပေါင်း ၁၁၆ ဦးကို မှန်လုံခရီးသည် ယာဉ်ငါးစီးဖြင့် ဒီဇင်ဘာ ၁၉ ရက်     နံနက်ပိုင်းတွင်  ရန်ကုန်မြို့မှ မိမိတို့နေရပ်သို့ ချောမောစွာပြန်လည်ရောက်ရှိနိုင်ရန်  တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့၊  ရန်ကုန်ထားဝယ်အသင်းတို့နှင့် ပူးပေါင်းပြီး    မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက် ပူးပေါင်းကော်မတီ၊ ထားဝယ်ဒေသ လူထုအခြေပြု   အထောက်အကူပြုအဖွဲ့တို့    ပူးပေါင်း၍ ခေါ်ဆောင်ခြင်းဖြစ်သည်။

ထိုသို့ရောက်ရှိ လာကြသည့် မြိတ်ခရိုင် ပြည်သူများကို မြိတ်ခရိုင်ကိုဗစ်-၁၉ ကာကွယ်ရေးအရပ်ဘက် ပူးပေါင်းကော်မတီမှ မြိတ်မြို့လေယာဉ်ကွင်းလမ်း   ပန်းခြံအရှေ့တွင်ကြိုဆို၍  သက်ဆိုင်ရာ  Quarantine စခန်းများသို့ ပို့ဆောင်ခဲ့ကြပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

''ယခု ဒုတိယအကြိမ်မှာတော့ လူအင်အားကလည်း   များလာတယ်။  ကားငှားခလည်း ဈေးကြီးလို့ တစ်ဦး ကုန်ကျငွေကျပ် ၆ဝဝဝဝ ထဲမှ ငွေကျပ် ၃၅ဝဝဝ ကိုတော့ ခရီးသည်ထံမှ ကောက်ယူထားတယ်။ ဒါပေမဲ့ ငွေကြေးအခက်အခဲဖြစ်နေတဲ့  ၁ဝ  ဦး အခမဲ့ စီစဉ်ပေးထားတယ်။ သူတို့အားလုံး Quarantine   စင်တာမှာ   ၁၄   ရက် နေထိုင်ရမှာဖြစ်လို့  ငွေကျပ်သိန်း  ၃ဝ လောက်လိုတယ်။ ကိုယ့်စရိတ် ကိုယ်စားရမယ် ဆိုတော့ အဆင်မပြေတဲ့သူတွေ အတွက် အလှူရှင်များ လာရောက်ကူညီဖို့ ဖိတ်ခေါ်ထားပါတယ်။ အခုလက်ရှိမှာတော့ အလှူငွေခြောက်သိန်း ရထားပါတယ်''ဟု မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက် ပူးပေါင်းကော်မတီမှ   ဦးမင်းလွင်ဦးက ပြောသည်။

ရန်ကုန်မြို့၌ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲတွေ့ပြီး    ပိတ်မိနေကြသည့် မြိတ်ခရိုင်အတွင်းရှိ ပြည်သူများကို ခေါ်ယူရာတွင် ပထမအကြိမ်တွင် ကားနှစ်စီးဖြင့်မြိတ်မြို့နယ်မှ ၄၇ ဦး၊ ကျွန်းစုမြို့နယ်မှ ၁၁ ဦးနှင့်  တနင်္သာရီမြို့နယ်မှ  နှစ်ဦး ခေါ်ယူပို့ဆောင်ကြောင်း သိရသည်။