ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ မြို့နယ်အချို့ကို နေအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

အမိန့်အမှတ်  ၅၄/၂ဝ၂၁

၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော်  ၁၃  ရက်

(၂ဝ၂၁ ခုနှစ်၊ ဧပြီလ  ၉  ရက်)

          ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ  ၂၁ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ၂ဝ-၉-၂ဝ၂ဝ ရက်စွဲပါ အမိန့်အမှတ် ၁ဝ၇/၂ဝ၂ဝ ဖြင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်းမြို့နယ် မပါ)၊ ၂၅-၉-၂ဝ၂ဝ ရက်စွဲပါ အမိန့်အမှတ် ၁၁ဝ/၂ဝ၂ဝ ဖြင့် မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရပူရမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်၊ ၁၉-၁ဝ- ၂ဝ၂ဝ ရက်စွဲပါ အမိန့်အမှတ် ၁၂၉/၂ဝ၂ဝ ဖြင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ၂၆-၁၂-၂ဝ၂ဝ ရက်စွဲပါ အမိန့်အမှတ် ၁၆၁/၂ဝ၂ဝ ဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပုသိမ်ကြီး မြို့နယ်တို့တွင် ရောဂါကူးစက် ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ ပြည်သူများ အနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန်  Stay at Home အမိန့်များ ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂။      သို့ရာတွင် Stay at Home  အဖြစ် သတ်မှတ် ထုတ်ပြန်ခဲ့သော တိုင်းဒေသကြီးများနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ တစ်ဦးမှတစ်ဦးသို့ အစုလိုက် ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်းတို့ကြောင့်  အထက်ဖော်ပြပါ တိုင်းဒေသကြီး/ပြည်နယ်များ အတွင်းရှိ ပြည်သူများ အနေဖြင့် ၁ဝ-၄-၂ဝ၂၁ ရက်နေ့၊ ဝ၄းဝဝ နာရီအချိန်မှစ၍ မိမိနေအိမ်တွင် နေထိုင်ရန် Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်လိုက်သည်။

ဒေါက်တာသက်ခိုင်ဝင်း

ပြည်ထောင်စုဝန်ကြီး