ရန်ကုန်-မန္တလေး အမြန်လမ်း၌ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိမှု

ရန်ကုန်-မန္တလေး အမြန်လမ်း၌ လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ဇူလိုင် - ၄

    နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှု မရှိဘဲ လုပ်ဆောင်လျက်ရှိသည်။

    ထိုသို့ လုပ်ဆောင်မှုများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၂၆ ရက်တွင် ရန်ကုန် - မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၃၅) အနီး၌ လက်နက်/ခဲယမ်းများ သယ်ဆောင်လာသူ ကျော်ဇောဟိန်း၊ (၁၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူနှင့် သိန်းသန်းမိုး၊ (၂၁)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေသူတို့ ၂ ဦးအား ပရိုဘောက်အမျိုးအစား တက္ကစီ ယာဉ်ပေါ်မှ AK-47 ၄ လက်၊   M-16 ၂ လက်၊   Glock အမျိုးအစား ၉ မမ ပစ္စတို ၂ လက်၊ စုစုပေါင်း လက်နက်ငယ်မျိုးစုံ ၈ လက်၊ ကျည်အိမ် ၅ ခု၊ MG 2 အီနာဂါဗုံးသီး ၁၀ လုံး၊ ၅.၅၆ ကျည် ၃၁၃ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

    တရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၂၇ ရက်တွင် ဆက်စပ်တရားခံ ဟန်မောင်မောင်ချို(ခ)ပေါင်ပေါင်အား ပခုက္ကူမြို့နယ်၊မြိုင်သာယာ ကွက်သစ်ရှိ သနပ်ခါးခြံ အတွင်း၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

     ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ လက်နက်/ခဲယမ်းများအား မြဝတီမြို့တွင် နေထိုင်သော နေမျိုး မှတစ်ဆင့် KNDOအဖွဲ့မှ ချိတ်ဆက်ဝယ်ယူ ခဲ့ကြောင်း သိရှိရသည်။

    သို့ဖြစ်ပါ၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်မည့် တရားခံများအား ကြိုတင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား ဆက်လက်ဖော်ထုတ် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။