ရမ်ဒက်စဗီယာဆေးက ကိုဗစ်-၁၉ လူနာများကို သာမန်ထက် ငါးရက်စောပြီး ပြန်လည် ကျန်းမာစေနိုင်

ဂေးလိယက်ကုမ္ပဏီထုတ် ရမ်ဒက်စဗီယာဆေးသည်    ကိုဗစ်-၁၉ လူနာများကို သာမန်ထက် ငါးရက်စောပြီး ပြန်လည်ကျန်းမာစေနိုင်ကာ   သေဆုံးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ကြောင်း အဆိုပါကုမ္ပဏီနှင့် သုတေသီများက ပြောသည်။

ရမ်ဒက်စဗီယာဆေးဖြင့်  ကုသထားသော လူနာများကို အာနိသင်မရှိသော ဆေးဖြင့် ကုသထားသော လူနာများနှင့်   နှိုင်းယှဉ်ပြီးနောက် ယခုတွေ့ရှိချက်ထွက်ပေါ်လာခြင်း ဖြစ်ပြီး ပဏာမရလဒ်ထက် တစ်ရက်ပိုစောနေကြောင်း တွေ့ရသည်။

ထို့ပြင် အောက်ဆီဂျင်ပေးထားရသည့် လူနာများကို ရမ်ဒက်စဗီယာဆေးဖြင့် ပထမဆုံး ကုသရာတွင် ထိုလူနာများ၏ နာလန်ထကြာချိန်ကို ခုနစ်ရက်အထိ လျှော့ချနိုင်ကြောင်း လူနာ ၁၀၆၂ ဦးတွင် လုပ်သည့်သုတေသနအရ သိရသည်ဟု နယူးအင်္ဂလန် ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။

သုတေသီများသည် မေလတွင် ထိုဆေးနှင့်ပတ်သက်သည့် ပဏာမရလဒ်ကို ထုတ်ပြန်ရာတွင် ကိုဗစ်-၁၉ လူနာများကို ၁၅ ရက်ကြာလေ့လာပြီးနောက် ထုတ်ပြန်ခြင်းဖြစ်ပြီး ယခုမူ ၂၉ ရက်ကြာလေ့လာပြီးမှ နောက်ဆုံးရလဒ်ကို ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကုသဆေးက လူနာများ၏ သေဆုံးနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ကြောင်း၊ ၁၅ ရက်အတွင်း လေ့လာမှုတွင် လူနာ၏သေဆုံးနိုင်ခြေကို ၇၂ ရာခိုင်နှုန်းနှင့်  ၂၉  ရက်အတွင်း ၇၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရသည်။

ရမ်ဒက်စဗီယာဆေးသည် ကိုဗစ်-၁၉ ရောဂါကုသရေးတွင် ပထမဆုံး အသုံးပြုသည့် ဆေးများအနက် တစ်ခုဖြစ်ပြီး လက်ရှိ ထိုရောဂါခံစားနေရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို မကြာသေးမီက ကုသမှုပေးသည့် ဆေးများတွင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

Ref: The Straits Times