ရိုမေးနီးယားပြည်သူများ ကာကွယ်ဆေး မထိုးခြင်းကြောင့် ဆေးရုံများ၌ လူနာများ ပြည့်နှက်လာ

ရိုမေးနီးယားပြည်သူများ ကာကွယ်ဆေး မထိုးခြင်းကြောင့် ဆေးရုံများ၌ လူနာများ ပြည့်နှက်လာ

ရိုမေးနီးယားနိုင်ငံ၌  ပြည်သူများက ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးမထိုးခြင်းကြောင့် ဆေးရုံများ၌ရောဂါဖြစ်ပွားသူ လူနာများနှင့်ပြည့်နှက်လာကြောင်း  သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါဖြင့်  အထူးကြပ်မတ် ကုသမှု ခံယူနေရသူ အယောက် ၁ဝဝဝ ကျော်ရှိပြီး ဆေးရုံတက်ရသူ အရေအတွက်သည် ပြီးခဲ့သည့် သီတင်းပတ်ထက်   နှစ်ဆပိုများလာကာ အထူးကြပ်မတ် ကုသမှုအတွက်ခုတင်များ နည်းပါးလာပြီဖြစ်သည်။

ဥရောပဒေသ၌ ကာကွယ်ဆေးထိုးနှုန်း ဒုတိယအနည်းဆုံးဖြစ်သည့် ရိုမေးနီးယား နိုင်ငံသည် ကမ္ဘာ့ကပ်ရောဂါ စတုတ္ထအကျော့ ဖြစ်ပွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဥရောပဒေသ တစ်ခုလုံးတွင်  အရွယ်ရောက်သူများကို ကာကွယ်ဆေး ထိုးပေးထားနိုင်သည့် ပမာဏမှာ  ၇၂ ရာခိုင်နှုန်း ရှိသော်လည်း ရိုမေးနီးယား နိုင်ငံတွင်မူ ၃၄ ရာခိုင်နှုန်းသာရှိသည်။

အထူးသဖြင့် အစိုးရ အဖွဲ့အစည်းများကို မယုံကြည်မှု၊  သတင်းမှားများ ဖြန့်ဝေမှု၊ ကျေးလက်ဒေသများတွင် အခြေခံ အဆောက်အဦ မပြည့်စုံမှုနှင့်   ကာကွယ်ဆေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း အားနည်းမှုတို့ကြောင့် ကာကွယ်ဆေးထိုးသူ နည်းပါးခြင်းဖြစ်သည်။

အစိုးရက စက်တင်ဘာလတွင် လူဦးရေ ၁ဝ သန်းကို ကာကွယ်ဆေး ထိုးပေးနိုင်ရန် မျှော်မှန်းထားသော်လည်း  လက်ရှိတွင် လူဦးရေ ငါးသန်းကျော်ကိုသာ ကာကွယ်ဆေး   ထိုးပေးထားနိုင်သည့်ကြားမှပင် ထုတ်ပြန်ထားသော ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်သည်။

စက်တင်ဘာ ၂၃ ရက်အထိ စာရင်းများအရ အထူးကြပ်မတ် ကုသမှုအတွက် ခုတင် ၃၂ လုံးသာ ကျန်ရှိတော့ပြီး ဝန်ထမ်း နည်းပါးမှုကြောင့် အစိုးရအနေဖြင့် ခုတင်များ ထပ်ထည့်ရန် အခက်အခဲတွေ့နေသည်။

နေ့စဉ်ရောဂါဖြစ်ပွားမှု အရေအတွက်မှာမူ အယောက် ၁ဝဝဝဝ ကျော်ဖြင့် စံချိန်တင် မြင့်တက်လာပြီး  အောက်တိုဘာလတွင် နေ့စဉ်ရောဂါဖြစ်ပွားသူ ၁၅ဝဝဝ မှ ၂ဝဝဝဝ ကြားထိ ရှိလာနိုင်ကြောင်း  ကျန်းမာရေး တာဝန်ရှိသူများက ခန့်မှန်းထားသည်ဟု သိရသည်။   

Ref: TST