ရုရှားက ဂျာမနီနှင့် ဆက်ဆံရေး ဆက်လက် တည်ဆောက်ရန် မျှော်လင့်

ရုရှားက ဂျာမနီနှင့် ဆက်ဆံရေး ဆက်လက် တည်ဆောက်ရန် မျှော်လင့်

ဂျာမနီနိုင်ငံ၌ ရွေးကောက်ပွဲ ကျင်းပပြီးနောက် နိုင်ငံရေးအရ မသေချာမှုများ ဖြစ်ပေါ်နေစဉ် ရုရှားနိုင်ငံအနေဖြင့် ဂျာမနီ နိုင်ငံနှင့် ဆက်ဆံရေးကို ဆက်လက် တည်ဆောက်သွားရန် မျှော်လင့်ကြောင်း ရုရှား သမ္မတရုံးက စက်တင်ဘာ ၂၇ ရက်တွင်ထုတ်ပြန်သည်။

ဂျာမနီရွေးကောက်ပွဲတွင် ဆိုရှယ်ဒီမို ကရက်တစ်ပါတီက လွှတ်တော်အမတ် နေရာ ၁ဝ နေရာအသာဖြင့် အနိုင်ရထား သော်လည်း ၎င်း၏နောက်တွင် ဝန်ကြီးချုပ် သက်တမ်း ကုန်ဆုံးတော့မည့် အိန်ဂျလာမာကယ်၏  ဂျာမနီ ဒီမိုကရက်တစ် သမဂ္ဂပါတီရှိနေသည်။

ထို့ကြောင့် ဆိုရှယ်ဒီမိုကရက်တစ် ပါတီက တစ်ပါတီတည်းဖြင့်  အစိုးရဖွဲ့နိုင်ဖွယ်မရှိသည့်အတွက် ညွန့်ပေါင်းအစိုးရ ဖွဲ့ရမည့် အလားအလာရှိနေစဉ်  ရုရှားအစိုးရ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားနှင့်ဂျာမနီနိုင်ငံတို့ကြား မတူကွဲပြားမှုများ ရှိနေသော်လည်း ပြဿနာဟူသမျှကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းနိုင်သည်၊ ဖြေရှင်းသင့်သည် ဟူသော နားလည်မှုကိုလက်ကိုင်ထားသည့်အတွက် ပေါင်းစည်းနိုင်ခဲ့ကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ  ဒီမီထရီပက်စကော့က ပြောသည်။ ဂျာမန်ဘာသာစကားကို ပြောဆိုနိုင်သည့် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားဘာသာစကားကို ပြောဆိုနိုင်သည့် အိန်ဂျလာမာကယ်နှင့် ၁၆ နှစ်ကြာ အလုပ်သဘော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

ဆီးရီးယားစစ်ပွဲအရေး၊ ခရိုင်းမီးယား အရေးနှင့် အခြားသော အကြောင်းအရာ အချို့ကြောင့် ကတောက်ကဆတ်ဖြစ်ဖူးသည့် ရုရှားနှင့်ဂျာမနီနိုင်ငံတို့ အနေဖြင့် အနောက်နိုင်ငံများ၏    အရေးယူ ပိတ်ဆို့မှုများနှင့် တင်းမာမှုများကြားမှ အရေးပါသော ကုန်သွယ်ဖက်နိုင်ငံများ အဖြစ် ဆက်လက် တည်ရှိနေကြောင်း သိရသည်။