ရုရှားက တိရစ္ဆာန်များအတွက် ကမ္ဘာ့ ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မှတ်ပုံတင်

မော်စကို၊ ဆေးဝါး

ရုရှားနိုင်ငံက   တိရစ္ဆာန်များအတွက် ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မှတ်ပုံတင်လိုက်ပြီဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးဌာနမှ တာဝန်ရှိသူက မတ် ၃၁ ရက်တွင်ပြောသည်။

ထိုကာကွယ်ဆေးကို စမ်းသပ်ချက်အရ ခွေးများ၊ ကြောင်များ၊ မြေခွေးများနှင့် မြွေမပါများတွင် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်သည့် ပဋိပစ္စည်းများ ထွက်ပေါ်သည်ကို တွေ့ရပြီးနောက် ယခုကဲ့သို့ မှတ်ပုံတင်ခြင်း ဖြစ်သည်။

အဆိုပါ ကာကွယ်ဆေးကို Carnivac-Cov ဟုအမည်ပေးထားပြီး ဧပြီလမှ စတင်၍ ပမာဏအမြောက်အမြား ထုတ်လုပ်သွားမည်ဟု တာဝန်ရှိသူ ရော့ဆဲခို့နက်ဇိုက ပြောသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်က လူသားများနှင့် တိရစ္ဆာန်များတွင် ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍  ကမ္ဘာ့ကျန်းမာရေး အဖွဲ့က စိုးရိမ်နေစဉ်  ယခုကဲ့သို့  ကာကွယ်ဆေး ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ကြောင့် ယခုထုတ်လုပ်မည့် ကာကွယ်ဆေးသည် တိရစ္ဆာန်များတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ကာကွယ်နိုင်ကာ ဗီဇပြောင်းခြင်း ဖြစ်ပေါ်မှုကိုလည်း ပျက်စီးစေနိုင်ကြောင်း   ရော့ဆဲခို့နက်ဇိုက ပြောထားသည်။

ရုရှားနိုင်ငံ၌ တိရစ္ဆာန်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နှစ်ခုရှိပြီး   နှစ်ခုစလုံးမှာကြောင်များတွင်ဖြစ်သည်။ ဒိန်းမတ်နိုင်ငံ၌ ပြီးခဲ့သည့်နှစ်တွင် မြွေမပါ မွေးမြူရေးခြံများ၌ နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို တွေ့ရှိပြီးနောက် မြွေမပါ အကောင်ရေ ၁၇ သန်းကို သုတ်သင်လိုက်ရသည်။

ထိုမြွေမပါများတွင် တွေ့ရှိရသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်သည် ဗီဇပြောင်းသွားပြီး နောက်ပိုင်းတွင် အဆိုပါ ဗီဇပြောင်း ဗိုင်းရပ်က လူသားများကိုပါ ကူးစက်လာသည်ကိုတွေ့ရသည်။

လက်ရှိတွင်  ရုရှားနိုင်ငံရှိ သားမွေးလုပ်ငန်းများက အဆိုပါ ကာကွယ်ဆေးကို ဝယ်ယူရန် စီစဉ်ထားပြီး ဂရိ၊ ပိုလန်နှင့် သြစတြီးယားနိုင်ငံတို့ကလည်း အလားတူ ဝယ်ယူမည် ဖြစ်ကြောင်း သိရသည်။