ရုရှားက အာတိတ်ဒေသကိုစောင့်ကြည့်မည့် ဂြိုဟ်တုတစ်စင်းလွှတ်တင်

 

ရုရှားက အာတိတ်ဒေသကိုစောင့်ကြည့်မည့် ဂြိုဟ်တုတစ်စင်းလွှတ်တင်

ရုရှားက အာတိတ်ဒေသရှိ ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင်အခြေအနေများကိုစောင့်ကြည့်မည့် ဂြိုဟ်တုတစ်စင်းကို ဖေဖော်ဝါရီ ၂၈ ရက်တွင် လွှတ်တင်လိုက်ကြောင်း သိရသည်။

Arktika-M အမည်ရှိ အဆိုပါဂြိုဟ်တုသည် အာတိတ်ဒေသအတွင်း ရုရှားအစိုးရ၏လှုပ်ရှား ဆောင်ရွက်မှုများ အနက် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လာပြီဖြစ်သည်။

အဆိုပါဂြိုဟ်တုကို ဆိုယုအာကာသသယ်ယူပို့ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်လိုက်ခြင်းဖြစ်ပြီး လွှတ်တင်ပြီးနောက် မကြာမီတွင် ဂြိုဟ်တုက သတ်မှတ်ပတ်လမ်း အတွင်းသို့ ရောက်ရှိနေရာယူနိုင်ကြောင်း ရုရှားအာကာသဌာနမှူး ဒီမီထရီရိုဂိုဇင်ကပြောသည်။

ထို့ပြင် ရုရှားအစိုးရသည် အလားတူဂြိုဟ်တုတစ်လုံးကို ၂၀၂၃ ခုနှစ်တွင် ထပ်မံ လွှတ်တင်ရန်စီစဉ်ထားပြီး ယင်းနောက် တွင်ဂြိုဟ်တုနှစ်လုံးပေါင်းကာ အာတိတ်သမုဒ္ဒရာနှင့် အာတိတ်ဒေသရှိ ရာသီဥတုအခြေအနေများကို ၂၄ နာရီပတ်လုံး စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

Arktika-M ဂြိုဟ်တုသည် ကမ္ဘာကို ဘဲဥပုံလှည့်ပတ်သွားမည်ဖြစ်ကာ မြောက် အရပ်သို့ရောက်ချိန်တွင် အာတိတ်ဒေသကို အချိန်ကြာမြင့်စွာစောင့်ကြည့်နိုင်စေရေး အတွက် ကမ္ဘာ နှင့်အဝေးဆုံးနေရာမှ လှည့်ပတ်သွားမည်ဖြစ်သည်။

ထိုသို့လှည့်ပတ်နေစဉ်တွင် Arktika-M ဂြိုဟ်တုသည် အာတိတ်ဒေသအတွင်း ဖြစ်ပျက်သမျှအားလုံးကို ၁၅ မိနစ်မှ မိနစ် ၃၀ ကြား တစ်ကြိမ်ရိုက်ကူးသွားမည်ဖြစ်သည်။

အလားတူ အဆိုပါဂြိုဟ်တုသည် ဝေးလံခေါင်ဖျားသောဒေသများတွင် သွားလာနေသည့် သင်္ဘောများ၊ လေယာဉ်များနှင့် လူများထံမှပေးပို့သည့် ဘေးအန္တရာယ် ကျရောက်မှုအချက်ပြလှိုင်းများကို ပြန်လည်ထုတ်လွှင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref: TST