ရုရှားနိုင်ငံ၌ (၇၆)နှစ်မြောက် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနား ကျင်းပ

ရုရှားနိုင်ငံက (၇၆) နှစ်မြောက် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားကို မေ ၉ ရက်တွင် မော်စကိုမြို့ရှိ ရင်ပြင်နီ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အောင်ပွဲနေ့စစ်ရေးပြ အခမ်းအနားသို့  ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်ပြီး ယနေ့အချိန်အခါသည် နာဇီတို့၏ သဘောတရားရေးရာသည်လည်း ပြန်လည်ခေါင်းထောင်လာပြီ ဖြစ်ကြောင်း စစ်ရေးပြမိန့်ခွန်းတွင် ၎င်းကထည့်သွင်း ပြောကြားသည်။

ထိုသို့ စစ်ရေးပြအခမ်းအနား မတိုင်မီက ပူတင်သည် စစ်ပြန်ကြီးများ၏ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍  ၎င်းတို့အနေဖြင့် စစ်ပြန်ကြီးများ၏  စွမ်းရည်သတ္တိနှင့် ဇွဲလုံ့လကို အမြဲတမ်း ဦးညွှတ်လေးစားရကြောင်း၊ ယခုကဲ့သို့ မဟာအောင်ပွဲကြီးကို ရရှိခဲ့ခြင်းသည်  ဆိုဗီယက်ပြည်သူများကြောင့် ဖြစ်သည်ကို  အမြဲတမ်း အမှတ်ရနေမည်ဖြစ်ကြောင်းပြောသည်။

ယခုနှစ်စစ်ရေးပြ အခမ်းအနားသို့ စစ်သည်အင်အား ၁၂ဝဝဝ ကျော်၊ စစ်ယာဉ်အစီး ၁၉ဝ ကျော်နှင့် စစ်လေယာဉ် ၇၆ စင်းတို့ ပါဝင်ပြီး စစ်ရေးပြကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စစ်ရေးပြအခမ်းအနား၏   ခြေလျင်ချီတက်မှုအပိုင်းတွင်   ယနေ့ခေတ်အထိ ခေတ်အသီးသီး၏ ဝတ်စားဆင်ယင်မှုများ၊ ဖွဲ့စည်းမှု ပုံစံများဖြင့် ချီတက်စစ်ရေးပြသည်။

ယင်းနောက်တွင် ကြည်းတပ်၊ ရေတပ်၊ လေတပ် ကိုယ်စားပြုတပ်ဖွဲ့များအပြင် လက်ရုံးတပ်ဖွဲ့အသီးသီးမှ စစ်သည်များနှင့် ကြည်းတပ်လူငယ် ဗိုလ်လောင်းတပ်ခွဲတို့က လိုက်ပါစစ်ရေးပြသည်။

ယခုနှစ်အတွက် အထင်ရှားဆုံးက ရုရှားအမျိုးသမီး စစ်သည်များပါဝင်သော စစ်ရေးပြတပ်ခွဲဖြစ်ပြီး ထိုအမျိုးသမီး စစ်သည်များမှာ ရုရှားနိုင်ငံ၏ ဂုဏ်သတင်းကြီးမားသော စစ်တက္ကသိုလ်ငါးခုမှ ဗိုလ်လောင်းများ ဖြစ်သည်။   ၎င်းတို့ထဲတွင်  နောင်တစ်ချိန်၌ စစ်ဘက်စိတ်ပညာရှင်၊ ဘာသာပြန်၊ ရှေ့နေ၊ ဘဏ္ဍာရေး ကျွမ်းကျင်စသည့် ကဏ္ဍအသီးသီးတွင်  ကျွမ်းကျင်မည့်သူများလည်း  ပါဝင်သည်။

စစ်လက်နက်ပစ္စည်းများ ပြသမှုအပိုင်းကို ဒုတိယကမ္ဘာစစ်သုံး ဂန္ထဝင်မြောက်တင့်များ ဖြစ်သော T-34-85 တင့် ၁ဝ စီးဖြင့် စတင်သည်။ ယင်းနောက်တွင် ရုရှားတပ်မတော်သုံး ခေတ်မီတင့်များဖြစ်သော T-72B3M ၊ T-80BVM ၊T-90M နှင့် T-14 Armata တင့်တို့က လိုက်ပါသည်။

အဆိုပါတင့်များ၏ နောက်တွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ အတွဲလိုက် ဒုံးပစ်လောင်ချာများ၊ မောင်းသူမဲ့ တိုက်ယာဉ်များ စသည်ဖြင့် ခေတ်မီစစ်လက်နက်ပစ္စည်းများကို ထည့်သွင်းပြသထားသည်။

စစ်လေယာဉ်များ ပါဝင်ပြသမှုအပိုင်းတွင်မူ သယ်ယူပို့ဆောင်ရေး လေယာဉ်များ၊ တိုက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပါဝင်ပြသပြီး ထိုလေယာဉ်များထဲတွင် Kinzhal အသံထက်အလွန်မြန်ဒုံးကျည်များ တပ်ဆင်ထားသည့် ပဉ္စမမျိုးဆက်ဖြစ်သော SU-57 တိုက်လေယာဉ် ၄ စင်းနှင့် Mikoyan MiG-31K ကြားဖြတ်တိုက်လေယာဉ်များလည်း ပါဝင်သည်။

၁၉၄၅ ခုနှစ် မေ ၉ ရက်တွင် နာဇီဂျာမနီတို့စစ်ရှုံးပြီး ဒုတိယကမ္ဘာစစ်ကြီး အသုံးသတ်သွားစေသည့် အထိမ်းအမှတ်အဖြစ် အဆိုပါ အောင်ပွဲနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref: Sputnik