ရုရှားဖက်ဒရေးရှင်းနိုင်ငံ MGIMO တက္ကသိုလ်မှ မြန်မာ့ရေးရာကျွမ်းကျင်ပညာရှင် တွဲဖက်ပါမောက္ခ Mrs. Kseniya Alexandrovna Efremova က မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများနှင့်ပတ်သက်၍ မေးမြန်းမှုများကိုဖြေကြား

ရုရှားဖက်ဒရေးရှင်းနိုင်ငံ MGIMO တက္ကသိုလ်မှ မြန်မာ့ရေးရာကျွမ်းကျင်ပညာရှင်တွဲဖက်ပါမောက္ခ Mrs. Kseniya Alexandrovna Efremova အား မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းမှုနှင့် ပြန်လည်ဖြေကြားမှုများကို အောက်ပါအတိုင်းဖော်ပြလိုက်ရပါသည်-

မေး။     ပါမောက္ခအနေနဲ့   မြန်မာနိုင်ငံအကြောင်းကို လေ့လာသင်ယူခဲ့တာဆိုရင် ၂၅ နှစ်ကျော်ပြီလို့ သိရပါတယ်။ ဒီကာလ အတွင်းမှာ မြန်မာနိုင်ငံရဲ့တိုးတက်ပြောင်း လဲမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ။      ဟုတ်ပါတယ်။ ကျွန်မဟာ မြန်မာဘာသာစကားနဲ့ မြန်မာ့ယဉ်ကျေးမှုကို (၁၉၉၄)ခုနှစ်မှ စတင်သင်ကြားလေ့လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ရာစုနှစ် လေးပုံတစ်ပုံမှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲအများကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ပထမဆုံး (၁၉၉၇)ခုနှစ် ဇူလိုင်လမှာ မြန်မာနိုင်ငံက အာဆီယံဆိုတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ကို ပါဝင်ခဲ့ပါတယ်။ အခြားနိုင်ငံများနဲ့ ဒေသဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးအလားအလာ အခွင့်အရေးအသစ်   ဖွံ့ဖြိုးတိုးတက်လာခြင်းသိမြင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ဒေသဆိုင်ရာအစီအစဉ်ကိုဖွဲ့စည်းဖို့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပြီး (၂၀၁၄)ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌနိုင်ငံ အနေဖြင့် (၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအဖွဲ့အစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ အဲဒါအားလုံးက မြန်မာနိုင်ငံဒေသဆိုင်ရာ သြဇာနဲ့လေးစားမှုတို့က ဖွံ့ဖြိုးတိုးတက်လာခြင်းရော၊   အခန်းကဏ္ဍအသစ် ပါဝင်လာခြင်းရော  သက်သေပြချက်တွေဖြစ်ပါတယ်လို့ ထင်မြင်ယူဆပါတယ်။

၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့တယ်။ ၂၀၁၀ ပြည့်နှစ်မှာ တော့ အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လွှတ်တော်များကို စတင်တည်ထောင်ကာ ရွေးကောက်ပွဲများကိုကျင်းပပြုလုပ်ခဲ့တယ်။ နိုင်ငံအနေဖြင့် ဒီမိုကရေစီပန်းတိုင်ကို တဖြည်းဖြည်းချင်း လျှောက်လှမ်းနေပါတယ်။ ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းရတာက ခက်ခဲရှုပ်ထွေးပြီး ပြဿနာများစွာကို ကြုံတွေ့နိုင်ပါတယ်။   ဒါပေမဲ့   မြန်မာပြည်သူ၊ ပြည်သားများရဲ့ ဉာဏ်ပညာကြီးမားမှု၊ တစ်ဦးနှင့် တစ်ဦး ရိုင်းပင်းကူညီဖေးမမှုတွေနဲ့ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းရာမှာ တွေ့ကြုံရမယ့်အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား နိုင်မယ်လို့ ကျွန်မအကြွင်းမဲ့ယုံကြည်ပါတယ်ရှင်။

မေး။     လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပါမောက္ခအနေနဲ့ မြန်မာနိုင်ငံ၏ဒီမိုကရေစီကူးပြောင်းမှုကာလ အခက်အခဲများနှင့်ပတ်သက်ပြီး စာအုပ်တစ်အုပ်ရေးသားထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီကူးပြောင်းရာမှာ အဓိကအကျဆုံး အခက်အခဲဟာ ဘယ်အရာလဲလို့ မြင်ပါသလဲ။

ဖြေ။ မြန်မာနိုင်ငံကို အောင်မြင်တဲ့ဒီမိုကရေစီနိုင်ငံအဖြစ်ကူးပြောင်းရာမှ အဓိက အဟန့်အတားဖြစ်စေတဲ့ အကြောင်းအရင်းကတော့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေသူအားလုံးရဲ့ အမြင်များကို လက်ခံဆွေးနွေးခြင်းမှာ အားနည်းတယ်လို့ ကျွန်မမြင်ပါတယ်။ တပ်မတော်အနေနဲ့ တိုင်းပြည်ကို ပါတီစုံဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရန် ကြိုးပမ်းနေသော်လည်းပါတီများအနေဖြင့် အချင်းချင်းဆွေးနွေးညှိနှိုင်းမှု အားနည်းနေတာကိုလည်းတွေ့ရပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရမှာ တစ်ပါတီ၊ တစ်မျက်နှာအတွက်  ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ    အများဆန္ဒကို ဦးစားပေးဆောင်ရွက်ရန်ဖြစ်တယ်။ နိုင်ငံရေးဆိုင်ရာ ပြည်တွင်းပဋိပက္ခများကို ဖြေရှင်းရာမှာ ညှိနှိုင်းဆွေးနွေးခြင်းကသာ ကောင်းမွန် သောရလဒ်များရရှိနိုင်မယ်လို့ ကျွန်မပြောချင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းမှုကို မရရှိရင် တိုင်းပြည်မှာ အပြစ်မဲ့တဲ့ပြည်သူတွေ သေဆုံးမှုတွေ၊ ဆင်းရဲဒုက္ခရောက်သူတွေ ပိုမိုများပြားလာနေဦးမှာပါ။   ဒါကြောင့်ရုရှားနိုင်ငံအနေဖြင့်    မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ်အေးချမ်းမှု ရရှိစေရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နိုင်ရန် အကြမ်းဖက်လုပ်ဆောင်မှုများကို ရှောင်ရှားရန် အကြံပြုမှုတွေလည်း လုပ်ဆောင်ခဲ့ပါ တယ်။

မေး။     မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပညာရှင်တစ်ဦးအနေဖြင့် ရုရှား-မြန်မာ ခေတ်သစ်ဆက်ဆံရေး အခြေအနေအပေါ် သုံးသပ်ပေးစေလိုပါတယ်။   နှစ်နိုင်ငံချစ်ကြည်ရေးတိုးတက်စေရန်  ဘာတွေလုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။      ရုရှား-မြန်မာချစ်ကြည်ရေးက ၁၉၅၀-၁၉၆၀ ပြည့်နှစ်လောက်ကတည်းက ကောင်းမွန်စွာတည်ဆောက်ခဲ့ပြီး လက်ရှိအခြေ အနေထိလည်း အထူးကောင်းမွန်ကြောင်းကိုတွေ့ရှိရပါတယ်။ ၁၉၅၀-၁၉၆၀ ပြည့်နှစ်ဝန်းကျင်လောက်က ဆိုဗီယက်ပြည်ထောင်စု ကနေ အင်ဂျင်နီယာတွေ၊ အခြားသော specialist တွေ မြန်မာနိုင်ငံမှာ မြန်မာ့စီးပွားရေးကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ကူညီ ဆောင်ရွက်ပေးခဲ့တာတွေလည်းရှိခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာ ရန်ကုန်နည်းပညာတက္ကသိုလ်၊ အင်းယား လိတ်ဟိုတယ်၊   တောင်ကြီးမှာ စဝ်စံထွန်းဆေးရုံ စတာတွေလည်း တည်ဆောက်ပေးခဲ့ တယ်။ လက်ရှိအခြေအနေမှာ တောင်ကြီးနဲ့ မနီးမဝေးမှာ ရုရှားနည်းပညာ  Romelt ကိုသုံးပြီး  သတ္တုစက်ရုံတစ်ခု တည်ဆောက်နေတယ်လို့လည်း သိရှိရပါတယ်။ နှစ်နိုင်ငံ ခရီးသွားလာမှု အစီအစဉ်တွေလည်း တိုးတက်လာတဲ့ အခြေအနေ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ သာယာလှပတဲ့ရှုခင်းတွေနဲ့ သန့်ရှင်းလှပတဲ့ကမ်းခြေတွေဟာရုရှားနိုင်ငံက ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်မှုရှိပါတယ်။    ဒါပေမဲ့  မြန်မာနိုင်ငံကို လာရောက် လည်ပတ်ဖို့အတွက် ရုရှားနိုင်ငံသားများအနေနဲ့ ဗီဇာလိုအပ်ခြင်း၊ မြန်မာနိုင်ငံသို့ တိုက်ရိုက်လေယာဉ်မရှိခြင်း စသည့် အခက်အခဲများကို ကြုံတွေ့နေရပါတယ်။ အခြားနိုင်ငံများဖြစ်ကြသော ထိုင်း၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်စတဲ့နိုင်ငံတွေမှာတော့ ရုရှားနိုင်ငံသားများအတွက် Visa Free ပေးထားတာကိုတွေ့ရှိရပါတယ်။ ထို့ကြောင့် အဲဒီနိုင်ငံတွေနဲ့  ခရီးသွားလုပ်ငန်းများ တိုးတက်လျက်ရှိပါတယ်။ ရုရှား-မြန်မာနှစ်နိုင်ငံအကြား လူသားချင်းစာနာထောက်ထားမှုဆို င်ရာ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန် လိုအပ် တယ်လို့ မြင်ပါတယ်။ ရန်ကုန်မြို့မှာ Russian Center for Science and Culture  ကို ဖွင့်လှစ်သွားဖို့   စီစဉ်ထားရှိပါတယ်။ ဒီလိုမျိုးဖွင့်လှစ်ခြင်းဖြင့်   ရုရှားနိုင်ငံရဲ့ နည်းပညာများနဲ့ယဉ်ကျေးမှုများကို မြန်မာ နိုင်ငံသားများ လေ့လာခွင့် ရရှိမှာဖြစ်ပါတယ်။ မြန်မာလူမျိုးများအကြား ရုရှားဘာသာစကားနှင့် ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုများကို လေ့လာသိရှိခွင့်ရရှိပြီး မြန်မာနိုင်ငံမှ ကျောင်းသားများ၊ ဘွဲ့လွန်ကျောင်းသားများ ရုရှားကိုလာရောက်ပညာသင်ကြားရန် အခွင့်အရေး လည်း ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

မေး။     ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံအကြောင်း စိတ်ဝင်စားတဲ့သူ ဘယ်လောက်များများ ရှိပါသလဲ။ မြန်မာစာ၊ မြန်မာစကားကိုရော သင်ယူသူရှိပါသလား။

ဖြေ။      အရှေ့တိုင်းယဉ်ကျေးမှုကို စိတ်ဝင်စားသူတွေမှာတော့ မြန်မာနိုင်ငံက လူသိများကြပါတယ်။ အထူးသဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု ပိုမိုရရှိပါတယ်။ ရုရှားနိုင်ငံက အားကစားအဖွဲ့ချုပ်အောက်မှာ မြန်မာ့ရိုးရာလက်ဝှေ့ကို စိတ်ဝင်စားသော ရုရှားနိုင်ငံသားများ ဖွဲ့စည်းထားတဲ့ မြန်မာ့လက်ဝှေ့အဖွဲ့ရှိပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ရုရှားနိုင်ငံသား Artyom Serikov က မြန်မာ့ရိုးရာလက်ဝှေ့နဲ့ ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး ပထမဆုံး မြန်မာ့လက်ဝှေ့ရွှေတံဆိပ်ဆုရ နိုင်ငံခြားသားဖြစ်တယ်။ ၂၀၁၉ ခုနှစ်မှာ Sacred Burma ကလပ်ကို ရုရှားမှာ ကြောင်ချစ်သူများအဖွဲ့မှ ဖွဲ့စည်းခဲ့ပါတယ်။ အသင်းဝင်များမှာ မြန်မာနိုင်ငံကလာသော ကြောင်မျိုးစိတ်နှင့်ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ မြန်မာနိုင်ငံက ကြောင်တစ်ကောင်ဟာ ရူဘယ် ၆ သောင်းနှင့် ၈ သောင်း ခန့်ရှိတတ်ပါတယ်။ ဒါကြောင့် လူကုံထံအသိုင်းအဝိုင်းမှသာ   မြန်မာနိုင်ငံမှကြောင်ကို မွေးမြူနိုင်ပါတယ်။

ဒါ့အပြင်   မြန်မာနိုင်ငံအကြောင်းကို အရှေ့တိုင်းပညာရှင်များက စိတ်ဝင်စားပါ တယ်။ ရုရှားနိုင်ငံရဲ့ မြို့ကြီးများဖြစ်ကြတဲ့ မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့များမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လေ့လာနိုင်သော center များ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ပထမဦးဆုံးအနေဖြင့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အရှေ့တောင်အာရှ၊ သြစတြေးလျ နှင့် ပစိဖိတ်ဒေသဆိုင်ရာများကို ရုရှားသိပ္ပံအကယ်ဒမီကျောင်းမှာ အရှေ့တိုင်း လေ့လာရေးဌာနမှပြုလုပ်ပါတယ်။ မြန်မာဘာသာစကားကိုတော့  Moscow  State University နှင့် St. Petersburg State University တို့မှာ သင်ကြားပေးလျက်ရှိပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်အောက်မှာရှိတဲ့ မော်စကိုနိုင်ငံတကာ ဆက်ဆံရေးဌာန၊ မြန်မာဌာနခွဲ ဖွင့်လှစ်နိုင်ရန်ကိစ္စကို ဆွေးနွေးလျက်ရှိပါတယ်။ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ ရုရှားသမ္မတ Mr. Putin စင်ကာပူနိုင်ငံသို့ အလည်အပတ် ခရီးအပြီးမှာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများအပေါ် ရုရှားနိုင်ငံသားတို့   စိတ်ဝင်စားမှုပိုမိုမြင့်တက်လာပြီး ရုရှား-အာဆီယံ ဆက်ဆံရေးကလည်း ပိုမိုကောင်းမွန်တိုးတက်လာပြီး   မဟာဗျူဟာမြောက် မိတ်ဖက်အဆင့်သို့ရောက်ရှိ လာခဲ့ပါတယ်။

မေး။     ရုရှား-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးဟာဆိုရင် ယခုနှစ်များအတွင်းမှာ သိသိသာသာတိုးတက် အောင်မြင်လာတာကို တွေ့မြင် ကြရမှာဖြစ်ပါတယ်။ အထူးသဖြင့် စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍမှာ ကြီးမားတဲ့အောင်မြင်မှုတွေကို တွေ့မြင်ခဲ့ကြ ရပါတယ်။ ဒီအောင်မြင်မှုတွေနဲ့ပတ်သက်ပြီး ရုရှားဘက်အမြင်နဲ့ အခြားသော စီးပွားရေး၊ ယဉ်ကျေးမှု အစရှိသည့်ကဏ္ဍများကိုပါ တိုးချဲ့ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ သိလိုပါတယ်။

ဖြေ။      ရုရှား-မြန်မာဆက်ဆံရေး သိသာထင်ရှားစွာ တိုးတက်နေပါတယ်။ ကျွန်မ ပြောခဲ့သလိုပဲ ခရီးသွားလုပ်ငန်းကိစ္စက နှစ်နိုင်ငံပူးပေါင်း၍    စီးပွားရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ  လေ့လာခြင်းတွေကို   တိုးတက်အောင်   ပြုလုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ရှေးဟောင်းအမွေအနှစ်များနှင့်   စိတ်ဝင်စားစရာ  ယဉ်ကျေးမှုအမွေအနှစ်တွေ   အများအပြားရှိပါတယ်။            

ပုဂံမှာရှိတဲ့ရှေးဟောင်းဘုရားများဟာဆိုရင် နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အင်းလေးဒေသ ဆိုရင်လည်း အင်းလေးကန်၊ အင်းလေးဒေသအလှအပနဲ့ အင်းသူ၊ အင်းသားတို့ရဲ့ နေထိုင်မှုပုံစံဟာဆိုရင်လည်း နိုင်ငံခြား ခရီးသွားများကို    ဆွဲဆောင်မှုအပြည့်ရှိတဲ့ နေရာဖြစ်တယ်။   မြို့ပြဆူညံမှုတွေကို ငြီးငွေ့နေတဲ့သူတွေအတွက်တော့ မြန်မာနိုင်ငံမှာ အရမ်းလှပတဲ့ ငွေဆောင်ကမ်းခြေနှင့် ငပလီကမ်းခြေတို့သည်လည်း နိုင်ငံခြားခရီးသွားများအတွက် အပန်းဖြေစရာနေရာ ကောင်းတွေဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ အစားအသောက်တွေကလည်း အရသာရှိပြီး ခရီးသွားများ ကြိုက်နှစ် သက်ကြပါတယ်။ ရုရှားခရီးသွားတွေကို အဓိကဆွဲဆောင်စေတာကတော့ ဗုဒ္ဓရဲ့ငြိမ်းချမ်းတဲ့တရားဓမ္မများဖြစ်ပါတယ်။ ရုရှားနိုင်ငံ မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေဟာ ကွဲပြားမှုရှိသော်လည်း တရားရှုမှတ်ခြင်းမှာတော့ တူညီကြ တယ်လို့ထင်ပါတယ်။ ရုရှားနိုင်ငံမှာသတ်မှတ်ထားသော ဘာသာကြီးလေးခုအနက် ဗုဒ္ဓဘာသာပါဝင်ပါတယ်။

ဒါကြောင့် ရုရှားခရီးသွားများအနေဖြင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူများအတွက် မြန်မာနိုင်ငံမှာ လေ့လာစရာများစွာ ရှိနေသည် မှာလည်း ဆွဲဆောင်မှုတစ်ခုပင်ဖြစ်ပါတယ်။ နှစ်နိုင်ငံဘာသာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်နိုင်ပါ တယ်။ဒါပေမဲ့ အနောက်နိုင်ငံတွေနဲ့  ကမ္ဘာ့သတင်းမီဒီယာများက  မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး   အပုပ်ချရေးသားမှုများ၊ မမှန်ကန်သော သတင်းများနှင့် မြန်မာနိုင်ငံအတွင်း ပြဿနာများဖြစ်စေရန် တက်ကြွစွာ လှုံ့ဆော်မှုများရှိနေတယ်။ ဒါကြောင့် ရုရှားနိုင်ငံသားများ အတွက် မြန်မာနိုင်ငံဟာခရီးသွားဖို့ လုံခြုံမှုမရှိဘူးလို့ထင်ကြတယ်။ အခြားတစ်ဖက်မှာတော့  ရုရှားနဲ့မြန်မာနိုင်ငံသာ လက်နက် အရောင်းအဝယ်ကိစ္စကလွဲလို့    ကျန်တဲ့အကျိုးစီးပွားပူးပေါင်း လုပ်ဆောင်တာမျိုးမရှိဘူးလို့မြင်ကြတယ်။

မေး။  မြန်မာနိုင်ငံအတွက်   စကားလက်ဆောင်လေး   ဖြည့်စွက်ပြီးတော့ ပြောပေးပါဦးရှင့်။

ဖြေ။ အမှန်တကယ်တော့ သူတို့ထင်တာမဟုတ်ဘူးဆိုတာမျိုးကိုလည်း ရုရှားနိုင်ငံသားတွေကိုပြချင်တယ်။ မြန်မာလူမျိုးတွေရဲ့ ရိုးသားပွင့်လင်းပြီး ရင်းနှီးဖော်ရွေမှုတွေကိုလည်းပြချင်တယ်။ ဒါကြောင့် သမိုင်းအစဉ်အလာနဲ့ ယဉ်ကျေးမှုမြင့်မားတဲ့ကျွန်မ တို့နှစ်နိုင်ငံ အနေနဲ့  ပူးပေါင်းလုပ်ဆောင်နိုင်တာတွေ အများကြီးရှိပါတယ်။ လေ့လာစရာတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေက ဒီထက်မကပိုမိုတိုးတက်လာပြီး ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိလာတဲ့ အသီးအပွင့်တွေကို နှစ်နိုင်ငံခံစားရမယ်လို့ လည်း အကြင်းမဲ့ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်။   ။

မြဝတီ