ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် တာချီလိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်များရှိ ရပ်ကွက်များ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် တာချီလိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်များရှိ ရပ်ကွက်များ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဩဂုတ် - ၁၁

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ဩဂုတ် ၁၀ ရက်ညပိုင်းမှ စ၍ မိုးအဆက်မြပြတ်ရွာသွန်းမှုကြောင့် တာချီလိတ်မြို့၊ မကာအိုခမ်းရပ်ကွက်၊ ဆန်ဆိုင်းရပ်ကွက်နှင့် တာလော့ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေမြောင်းများပိတ်ဆို့လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တာချီလိတ်တပ်နယ်မှ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများအတွင်းပိတ်ဆို့လျက်ရှိသည့် အမှိုက်များအား ရှင်းလင်းဖယ်ရှားရှင်းခြင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်သန့်ရှင်းရေးပြုလုပ် ပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တနင်္သာရီမြစ်ရေ မြင့်တက်ခဲ့ကာ တနင်္သာရီမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ပေါ် ဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် တင်ကျန်ခဲ့သော အမှိုက်များနှင့် ရွံ့နွံများကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ တနင်္သာရီတပ်နယ်မှ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင် များက မီးသတ်ယာဉ်များဖြင့် တင်ကျန်ခဲ့သောရွံ့နွံများအား ဖယ်ရှားပေးခြင်းနှင့် အမှိုက်များရှင်းလင်းပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။