ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဟင်္သာတမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် ချောက်မြို့နယ် တို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ဟင်္သာတမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်နှင့် ချောက်မြို့နယ် တို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၂

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အိမ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာ၊ ဆည်မြောင်းရေကာတာသည် ယနေ့နေ့လယ်ပိုင်းတွင် အလျား ၂၀ ပေခန့်နှင့် အနံ ၁၀ ပေ ခန့် တာကျိုးပေါက်မှု ဖြစ်ပွားခဲ့သဖြင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများနှင့် ဒေသခံပြည်သူများက ပူးပေါင်း၍ ရေစီးဝင်ရောက်မှုရှိနိုင်သည့် နေရာများမှ နေအိမ် ၃၅ လုံးကို ဝိုင်းဝန်းရွှေ့ပြောင်းပေးပြီး ရေကာတာအား အသင့်စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။ 
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း၌ စက်တင်ဘာ ၁ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ် ရပ်ကွက်ကြီး(၈)ရှိ ရွှေစည်းခုံတောရဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများက ပူးပေါင်း၍ ပိတ်ဆို့နေသော ရေမြောင်းများရှိ အမှိုက်များကို ရှင်းလင်းပေးခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းပေးခြင်းနှင့် ပြိုကျပျက်စီးမှုများကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက် ပေးသည်။
    အလားတူ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့အနီးရှိ ဧရာဝတီမြစ်ရေမြင့်တက်ပြီး ချောက်မြို့နယ်၊ အမှတ်၊ ၇/၈ ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်လာမှုကြောင့် အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၈၄ ဦးတို့သည် ရေဘေး လွတ်ကင်းရာ ချောက်မြို့နယ် ဘောလုံးကွင်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသဖြင့် အဆိုပါ ရေဘေးရှောင်ပြည်သူများစားသောက်ရေးအဆင်ပြေစေရန်အတွက် ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက စားသောက်ဖွယ်ရာ များ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။