ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက် မြို့နယ်တို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက် မြို့နယ်တို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၁

    ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်အတွင်း တောင်ကျရေများကျဆင်းပြီး ဘုံချောင်း၊ နတ်ရေတွင်းချောင်းနှင့် ကျွဲမသေချောင်းတို့ ရေလျှံမှုများကြောင့် အုတ်တွင်း မြို့နယ်၊ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့တို့ရှိ ကျေးရွာများ၊ ကားလမ်း၊ ရထားလမ်းတို့ ၌ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ ရေဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ချောင်းများရေလျှံမှုများကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ကျွဲပွဲမြို့၊ အင်ဒိုင်းကျေးရွာအုပ်စု၊ ကျောက်တလင်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ မြေစီးကျေးရွာအနီးရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၁၄၁/၁ နှင့် ၃ အကြားနေရာနှင့် ညောင်ခြေထောက်မြို့၊ စည်ပင်သာကျေးရွာနှင့် ဘုရားနှစ်ဆူကျေးရွာ ကြား၊ ရန်ကုန်- မန္တလေးမီးရထားလမ်းရှိ နတ်ရေတွင်းတံတားတို့၌ ရေဝင်ရောက်ခြင်း၊ အမှိုက်များပိတ်ဆို့ခြင်း၊ မြေသားကမ်းပါးများပြိုကျခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ ကူညီကယ်ဆယ် ရေးအဖွဲ့များက ရေဘေးလွတ်ရာသို့ ပစ္စည်းများရွှေ့ပြောင်းပေးခြင်း၊ အမှိုက်များရှင်းလင်း ပေးခြင်း၊ မြေဖို့ပေးခြင်း၊ ယာဉ်လမ်းရှင်းလင်းပေးခြင်းများနှင့် လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။