ရွှေဈေးကွက်အတွင်း ပြန်လည်ရောင်းချလိုသူများ အတွက် ရွှေဆိုင်တချို့ ဖွင့်လှစ်ဝယ်ယူနေ  

ရန်ကုန်ရွှေဈေးကွက် အတွင်း ပြန်လည်ရောင်းချလိုသူများအတွက် ရွှေဆိုင်တချို့မှ ဆိုင်များဖွင့်လှစ်ကာ   ဝယ်ယူမှုများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

''အခုနောက်ပိုင်း    လာရောင်းတဲ့သူများတယ်။ ဆိုင်တွေကတော့ ဖွင့်တဲ့ဆိုင်ဖွင့်တယ်။ တချို့ဆိုင်တွေကတော့  ပိတ်ထားဆဲပါပဲ။   ပြန်ရောင်းတဲ့သူတွေ များနေတဲ့အခါ  ဆိုင်တချို့က  ဝယ်ပေးနိုင်အောင် ဖွင့်ထားတာပါ''ဟု အဆိုပါ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

လတ်တလောတွင်    ရွှေလက်ကား ဈေးကွက်ကို ယာယီပိတ်ထားပြီး ကမ္ဘာ့ရွှေဈေးနှုန်းမှာ   ဖေဖော်ဝါရီ  ၁၁ ရက်က  တစ်အောင်စလျှင်  အမေရိကန်ဒေါ်လာ၁၈၄၄ ဒေါ်လာအထိရှိခဲ့ရာမှ ဖေဖော်ဝါရီ ၁၂ ရက်တွင် အမေရိကန်ဒေါ်လာ ၁၈၂၁  ဒေါ်လာအထိရှိကာ အမေရိကန်ဒေါ်လာ ၂ဝ ကျော်အထိ ဈေးနှုန်း ကျဆင်းလာသည်။ 

ရန်ကုန်ရွှေဈေးကွက်အတွင်း  ဖေဖော်ဝါရီ ၁၁ ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၃၆၉ဝဝဝ အထိ ဈေးနှုန်းရှိခဲ့ရာမှ ဖေဖော်ဝါရီ ၁၂ ရက်တွင် ငွေကျပ် ၁၃၆၃ဝဝဝ အထိ ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း ဒေါ်လာဈေးနှုန်းမှာ ဖေဖော်ဝါရီ ၁၁ ရက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ပေါက်ဈေးအရ    အမေရိကန် တစ်ဒေါ်လာလျှင် ငွေကျပ် ၁၄ဝ၁ ဒသမ ၄ ကျပ်အထိ   ဈေးနှုန်းရှိကြောင်းနှင့်     ရန်ကုန်ရွှေဈေးနှုန်းမှာ  ကမ္ဘာ့ရွှေဈေးနှုန်းနှင့် တစ်ကျပ်သားလျှင် ငွေကျပ်ငါးသောင်း ဝန်းကျင်အထိ ဈေးနှုန်းကွာဟမှု ရှိကြောင်း သိရသည်။