ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော်  ဖေဖော်ဝါရီ   ၉

COVID-19 ရောဂါဖြစ်ပေါ်မှု အခြေအနေများကြောင့် ဖူးမြော်ခွင့် ယာယီရပ်ဆိုင်းထားရှိသည့် နိုင်ငံတစ်ဝန်းမှ ဘုရားစေတီပုထိုးများကို   COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို တရားဘာဝနာ ပွားများနိုင်ရေးအတွက် ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ ဖူးမြော်ခွင့်ပြုခဲ့သည်။

ထိုသို့  အများပြည်သူ ဖူးမြော်နိုင်ရေး ခွင့်ပြုပေးခဲ့ရာ  ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၊ ဗိုလ်တထောင် စေတီတော်၊ မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊   နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့ အပါအဝင် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးရှိ ဘုရား၊စေတီပုထိုးများ၌ လာရောက်ဖူးမြော်ကြည်ညိုကြသူ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများသည် COVID-19 စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ဖူးမြော်ကုသိုလ် ယူလျက်ရှိကြသည်။

လာရောက်ဖူးမြော်ကြည်ညိုလျက် ရှိကြသည့် မိဘပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ကြားသိရပါသည် -

''အေးအေးချမ်းချမ်း ဖြစ်သွားတဲ့အချိန်မှာ ပြန်ပြီးတော့ဖွင့်တဲ့အတွက် ဆရာလေးတို့ ရင်ထဲမှာ ပြောမပြတတ်အောင် ကြည်နူးပီတိ ဖြစ်မိပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီး ဖွင့်ပြီဆိုကတည်းက အမှန်ဆို မနေ့ကတည်း က လာပြီးဖူးမြော်ဖို့ကို အကြောင်းမတိုက်ဆိုင်လို့ ဒီနေ့မှာ လာပြီးဖူးမြော်ခြင်း ဖြစ်ပါတယ်။ ပြောမပြတတ်အောင်ပဲ  ဝမ်းသာပါ တယ်။ ဘုရားတွေဖွင့်ဖို့ စောင့်မျှော်နေတာ လည်းကြာပါပြီ။ ဒီရောဂါတွေကြောင့် မဖွင့်ဖြစ်တာလည်း နားလည်ပါတယ်။ အခုလည်း တော်ရုံတန်ရုံ ရောဂါလေးတွေလည်း နည်း နည်းပါးပါးတော့ ငြိမ်းချမ်းလာပြီဆိုတော့ ဖူးမြော်ခွင့်ရလို့လည်း ရင်ထဲမှာ ကြည်နူး ပီတိဖြစ်မိပါတယ်။ ဝမ်းသာပါတယ်။ ဆရာလေးတို့နည်းတူ တခြားရဟန်းသံဃာ၊ ဆရာ ကြီး ဆရာလေးများနဲ့ မိဘပြည်သူများလည်း အကုန်လုံး အေးချမ်းစွာ ဘုရားဖူးမြော်လို့ ရပါပြီလို့ ပြောချင်ပါတယ်''ဟု  ဘုရားဖူးလာ ဆရာလေးတစ်ပါးက ပြောသည်။

''အန်တီက မနက်ပိုင်းဆိုရင် မိသားစုအမြဲတမ်း ကမ္ဘာအေး ဘုရားလမ်းမှာ ပတ်ပြီးတော့ လမ်းလျှောက်ပါတယ်။လေကောင်းလေသန့် ရှူရင်းနဲ့ပေါ့။ ဒီနေ့လည်း လမ်းလျှောက်ရင်း နဲ့ ပဋ္ဌာန်းသံလေးကြားလို့ ဘုရားတွေလည်း ဖွင့်ပြီဆိုလို့  အလှူငွေလေးလည်းထည့်၊ ဘုရားလည်းဖူးရအောင် ဆိုပြီး ဝင်ကြည့်ရင်း နဲ့ လာရောက် ဖူးမြော်ဖြစ်တာဖြစ်ပါတယ်။ အရမ်းကို ပီတိလည်းဖြစ်ရပါတယ်။ ဝမ်းလည်းသာပါတယ်။ အန်တီတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အနေနဲ့က ဘုရားကျောင်းကန်တွေမှာ အလှူအတန်းတွေ လုပ်ကြ တယ်။ ဘုရားဖူးကြတယ်။  အိမ်မှာရှိတဲ့ ဘုရားနဲ့ အပြင်မှာဖူးရတဲ့ ဘုရားနဲ့ ဖူးရတဲ့ အရသာချင်းကလည်း မတူဘူးပေါ့နော်။ အခု လိုမျိုး အာရုံမိမိလေးနဲ့ ကိုယ်တိုင်ကိုယ်ကျ လာရောက် ဖူးမြော်ရတာကိုလည်း  အရမ်းလည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျန်တဲ့လူတွေလည်း လာရောက် ဖူးမြော်စေချင်ပါတယ်။  ပိုပြီးတော့လည်း  သဒ္ဓါစိတ်လေး ပေါက်တာပေါ့လေ။ ကိုဗစ် -၁၉ စည်းကမ်း အရတော့ စပြီးတော့ မဝင်ခင်ကတည်းက လက်ဆေးဘေစင်တွေ၊ လက်ဆေးဆပ်ပြာရည်တွေ ချပေးထားတယ်။ ပြီးရင် အဝင်ဝမှာ ကတည်းက စည်းကမ်း ထိန်းသိမ်းရေးဘက် ကနေလည်း တတ်နိုင်သမျှ အကြံပြု လမ်းပြ တယ်။ ဘုရားကန်တော့တဲ့အခါမှာလည်း social distancing နေရာလေးတွေ သတ်မှတ်ပေးထားတဲ့ အခါကျတော့ စနစ်တကျ ဖူးမြော်ခွင့်ရပါတယ်။ အဲ့ဒီအတွက် ကျေးဇူးလည်း တင်ပါတယ်။ ဒီဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ ဘုရားကျောင်းကန်တွေကို အခု လိုမျိုး ပြည်သူတွေ စိတ်အေးချမ်းသာစွာနဲ့ လာရောက်ဖူးမြော်ခွင့် ရအောင် စီစဉ်ပေးတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာလည်း အဓွန့်ရှည်တည်တံ့ပါစေလို့  အန်တီက ဆုမွန်ကောင်း တောင်းပါတယ်''ဟု ဘုရားဖူးလာ ပြည်သူတစ်ဦးက ပြောသည်။