ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀

COVID-19 ရောဂါဖြစ်ပေါ်မှုအခြေအနေများကြောင့် ဖူးမြော်ခွင့် ယာယီရပ်ဆိုင်း ထားရှိသည့် နိုင်ငံတစ်ဝန်းမှ ဘုရားစေတီပုထိုးများကို COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုတရားဘာ၀နာပွားများ နိုင်ရေးအတွက်  ဖေဖော်ဝါရီ ၈ ရက်နေ့မှ စတင်၍ဖူးမြော်ခွင့်ပြုခဲ့သည်။
    
ထိုသို့ အများပြည်သူဖူးမြော်နိုင်ရေး ခွင့်ပြုပေးခဲ့ရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ ဗိုလ်တထောင်စေတီတော်၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင် တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီ ပုထိုးများ၌ လာရောက်ဖူးမြော် ကြည်ညိုကြသူ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များ၊ မိဘပြည်သူ များသည် COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ ဖူးမြော်ကုသိုလ်ယူလျက်ရှိကြကြောင်း သတင်းရရှိသည်။