ရွှေပြည်သာမြို့နယ်ရှိ "စု"အသက်မွေးဝမ်းကျောင်းသိပ္ပံမှ ဦးဇော်မြတ်လင်း သေဆုံးမှုနှင့် ပတ်သက်၍ မဟုတ်မမှန်ရေးသားဖော်ပြနေမှုများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်

ရွှေပြည်သာမြို့နယ်ရှိ "စု"အသက်မွေးဝမ်းကျောင်းသိပ္ပံမှ ဦးဇော်မြတ်လင်း သေဆုံးမှုနှင့် ပတ်သက်၍ မဟုတ်မမှန်ရေးသားဖော်ပြနေမှုများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်

နေပြည်တော်၊ မတ် - ၁၂
    
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ နှင်းဆီလမ်း၊ အမှတ်(၅၁၂)ရှိ "စု"အသက်မွေးဝမ်းကျောင်းသိပ္ပံအား နယ်မြေလုံခြုံရေးအတွက် လှည့်ကင်း လှည့်လည်ဆောင်ရွက်လျက်ရှိသော လုံခြုံရေးပူးပေါင်းအဖွဲ့သည် မတ် ၈ ရက် ည ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် မသင်္ကာ၍ သွားရောက်စစ်ဆေးစဉ် သင်တန်းတာဝန်ခံ ဦးဇော်မြတ်လင်း သည် အိမ်အနောက်ဘက်သို့ ခုန်ချထွက်ပြေးခဲ့ပြီး ခြံစည်းရိုးတွင် ထောင်ထားသော ၂ လက်မ ခန့်ရှိ စတီးပိုက်ပေါ်သို့ကျခဲ့ကာ ဝမ်းဗိုက်ပေါက်ပြဲရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ 
    
အဆိုပါ သေဆုံးသူ ဦးဇော်မြတ်လင်း၏ ရုပ်အလောင်းအသွင်သဏ္ဍာန်နှင့်ပတ်သက် ၍ လူမှုကွန်ရက်စာမျက်နှာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းစဉ် သေဆုံးသူ၏ မျက်နှာနှင့် ပါးစပ်အတွင်းသို့ ရေနွေးပွက်ပွက်ဆူ(သို့မဟုတ်) ဓာတုဆေးရည် တစ်ခုခု လောင်းထည့်ထားကြောင်း၊ ညှင်းပန်းနှိပ်စက်ထားကြောင်းစသဖြင့် မဟုတ်မမှန် ရေးသားဖော်ပြကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်  ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်၊ ပုံရိပ်ညှိုနွမ်းစေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန် ဝါဒဖြန့်ရေးသားမှုများ လုပ်ဆောင်လျက်ရှိ သည်ကို တွေ့ရှိရသည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဦးဇော်မြတ်လင်း ၏ ရုပ်အလောင်းအား ယင်းနေ့ ည မတ် ၉ ရက်နံနက် ၃ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ပြီး လိုအပ်သည့် ဓာတ်မှန်ရိုက်စစ်ဆေးမှုများ၊ ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ကာ သေဆုံးသူ ၏ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူဝင်း အား သေဆုံးသူ သေဆုံးခဲ့ရသည့် အကြောင်းရင်းနှင့် ရင်ခွဲ စစ်ဆေးချက်များအား  အသေးစိတ်ရှင်းလင်းပြသခဲ့ပြီး ရေခဲတိုက်အတွင်း စနစ်တကျ ထိန်းသိမ်းထားရှိခဲ့သည်။ ထို့နောက် မတ် ၁၁ ရက် နံနက် ၈ နာရီတွင်  သေဆုံးသူ၏ ဇနီး ဖြစ်သူ ဒေါ်ဖြူဖြူဝင်း ထံသို့ သေဆုံးသူ၏ ရုပ်အလောင်းအား အကောင်းပကတိ၊ မပျက်မယွင်းဘဲ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးခဲ့သည်။
    
ဦးဇော်မြတ်လင်း ၏ ရုပ်အလောင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန်သတင်းများ ရေးသားဖော်ပြကာ ရပ်ရွာအေးချမ်းသာယာရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများပြည်သူအထင်အမြင် လွဲမှားစေရန်၊ ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန်လှုံ့ဆော်သွေးထိုးရေးသားခြင်း၊ တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် မီဒီယာများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများသို့ မဟုတ်မမှန် သတင်းပေးပို့ခြင်းများကို လုပ်ဆောင်နေကြောင်း သိရှိရသဖြင့် ယင်းသို့ လုပ်ဆောင်မှုများအား ဖော်ထုတ်၍ ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။