ရွှေပြည်သာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ခဲ့သည့်ဖြစ်စဉ်တွင် ဖမ်းဆီးထိန်းသိမ်း ခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊  မတ် - ၃၁

            ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် ဖမ်းဆီးထိန်းသိမ်း ခဲ့သည့် သန်းဝင်း၊ ရဲမြင့်ကျော်(ခ)ကိုရဲနှင့် စောထွန်းနိုင်(ခ)မဲကြီး တို့သည် မတ် ၂၃ ရက်နေ့တွင် အမှတ်(၁၃) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းရှိ စာအုပ်စင်(၁)ခု၊ စားပွဲခုံ(၁)လုံးနှင့် ရုံးစာရွက်စာတမ်းများကို မီးရှို့ခဲ့ခြင်းဖြင့် မီးဖြင့် အကျိုးဖျက်ဆီးမှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆ အရ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်အား မတ် ၃၀ ရက်တွင် အသီးသီးအမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

            ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် အထည်ချုပ်စက်ရုံများ၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီးနှောင့်ယှက်မှုများ ဆောင်ရွက်သည့်အပြင် အကြမ်းဖက်မှုများကိုပါ  ဆောင်ရွက်လာ သဖြင့် စစ်အုပ်ချုပ်ရေးအမိန့် (Martial Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များ အတွင်း စစ်ခုံရုံးဖြင့် စစ်ဆေး မည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။