ရွှေဘိုမြို့၌ အများပြည်သူသွားကားလမ်းအား အတားအဆီးများချထား၍ ပိတ်ဆို့ဆန္ဒပြသူ(၂)ဦးအား အမှုဖွင့်အရေးယူထားရှိ

ရွှေဘိုမြို့၌ အများပြည်သူသွားကားလမ်းအား အတားအဆီးများချထား၍ ပိတ်ဆို့ဆန္ဒပြသူ(၂)ဦးအား အမှုဖွင့်အရေးယူထားရှိ

နေပြည်တော်၊ မတ်လ ၆ ရက်
    
နိုင်ငံတော်အတွင်း လူစုလူဝေးဖြင့် ဆူပူဆန္ဒပြမှုဖြစ်စဉ်များ၊ အကြမ်းဖက်မှုဖြစ်စဉ်များ မဖြစ်ပွားစေရေးနှင့် အများပြည်သူလူထုစိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် နေရာဒေသအနှံ့အပြားတွင် နေ့/ညမပြတ် တာဝန်ဝတ္တရားများ ထမ်းဆောင်လျက်ရှိပါသည်။ 
    
ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက် နေ့လည် ၁၁ နာရီခွဲ အချိန်ခန့်တွင် ရွှေဘိုမြို့၊ ရွှေဘို-ရေဦးသွားကားလမ်း၌ ဆူပူအော်ဟစ်ဆန္ဒပြသူ ခေါင်းဆောင် စိစစ်ဆဲ အင်အား(၅၀)ဦးခန့်သည် လူစုလူဝေးပြုလုပ်၍ ဆူပူအော်ဟစ်ကာ အများပြည်သူသွား ကားလမ်းအား ထမီကြိုးတန်းတန်း၍ သစ်သားပိုင်းနှင့်ကားတာယာကွင်းများအသုံးပြုကာ တားဆီးပိတ်ဆို့ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဥပဒေနှင့်အညီ သွားရောက်ထိန်းသိမ်းလူစုခွဲခဲ့ရာ ၁၁ နာရီ မိနစ် ၄၀ အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဖြစ်စဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သူ သီဟနိုင်(၂၁)နှစ်(ဘ)ဦးဘိုဌေး အမှတ်(၁၀)ရပ်ကွက်၊ ရွှေဘိုမြို့ နေသူပါ(၂)ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။
    
အများပြည်သူသွားကားလမ်းအား အတားအဆီးများချထားပိတ်ဆို့ကာ ဥပဒေနှင့် ဆန့်ကျင်သောအစုအဝေးတွင် ပါဝင်၍ ဆူပူအော်ဟစ်ဆန္ဒပြခဲ့သူ သီဟနိုင်ပါ(၂)ဦးအား  ရွှေဘိုမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီအရေးယူနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။